Home
ရုပ်သံ
ပြည်ပထွက်ခွာလိုသူများ ရန်ကုန်လေဆိပ်တွင် ကျပ်သိန်းချီ လာဘ်ထိုးနေရ
DVB
·
December 2, 2024

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပထွက်ခွာလိုသူတွေအနေနဲ့ တာဝန်ကျ ရဲ၊ လဝကဝန်ထမ်းတွေကို ကျပ် ၁၀၀,၀၀၀ ကနေ ကျပ် ၂၀၀,၀၀၀ လောက်အထိ လာဘ်ထိုးနေရတယ်လို့ ပြည်ပထွက်ခွာသူတွေထံက သိရပါတယ်။

ရန်ကုန်လေဆိပ်မှာရှိတဲ့ ရဲ၊ လဝကဝန်ထမ်းတွေဟာ ပြည်ပထွက်ခွာလိုသူတွေထံက နည်းလမ်းအမျိုးမျိုးနဲ့ ငွေညှစ်နေကြပြီး တာဝန်ကျ လေဆိပ်ရဲတွေနဲ့ ကြိုတင်ချိတ်ဆက် မထားသူတွေကို အကြောင်းအမျိုးမျိုးပြကာ ထွက်ခွာခွင့်မပေးတာ၊ ခရီးဆောင်အိတ် အများအပြား သယ်ယူတဲ့အတွက် ထွက်ခွာခွင့်မပေးတာတွေ ပြုလုပ်နေကြတာပါ။

လဝက ဒါမှမဟုတ် တာဝန်ကျရဲတွေနဲ့ ကြိုတင်ချိတ်ဆက်ထားသူတွေကတော့ ပြည်ပထွက်ခွာခွင့် အလွယ်တကူ ရရှိနေကြတယ်လို့ ပြည်ပနိုင်ငံကို အလည်အပတ် သွားရောက်နေသူတွေက ပြောပါတယ်။

စင်ကာပူနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့သူတယောက်က “ပြည်ပထွက်မယ့်သူတွေ အနေနဲ့ ခရီးဆောင်အိတ်ကို တခုလောက်ပဲသယ်ပြီး အဝတ်အစားဆိုရင် လေးငါးစုံလောက်ပဲ ယူသွားကြစေချင်တယ်။ အဝတ်အစားတွေ အများကြီးသယ်တာ၊ ပစ္စည်းတွေအများကြီး ယူလာတာဆိုရင် သေချာပေါက် အရစ်ခံရမှာ။ အရစ်ခံရလို့ ပိုက်ဆံပေးနိုင်ရင်တော့ သွားခွင့်ရမယ်၊ မပေးနိုင်ရင်တော့ ရင်းနှီးထားတာတွေ အကုန်ဆုံးမှာ။ ကျနော်ထွက်တုန်းက သုံးယောက်သွားတာ၊ ကျနော်တယောက်တည်း ကျောပိုးအိတ်တလုံးပဲ ပါတယ်။ ကျန်တဲ့နှစ်ယောက်က ကျောပိုးအိတ်တွေရော၊ ခရီးဆောင်အိတ်တွေရော ပါတော့ ထွက်ခွင့်မရကြဘူး” လို့ ပြောပါတယ်။

ပြည်ပကို အလည်အပတ်ခရီးစဉ်နဲ့ ထွက်ခွာလိုသူတွေအနေနဲ့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေ ပြည့်စုံပေမဲ့ လေဆိပ်က ရဲနဲ့ လဝက ဝန်ထမ်းတွေရဲ့ ထွက်ခွာခွင့် မပေးတာတွေကြောင့် လေယာဉ်လက်မှတ်ခ၊ တခြားနိုင်ငံက တည်းခိုစရိတ်၊ သွားလာစရိတ်တွေ သိန်းနဲ့ချီပြီး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

ဒီလိုအခြေအနေတွေကို မကြုံတွေ့လိုပါက လေဆိပ်တာဝန်ကျရဲနဲ့ လဝကဝန်ထမ်းတွေထံ ကြိုတင်လာဘ်ထိုးထားမယ်ဆိုရင်တော့ အလွယ်တကူ သွားလာနိုင်မယ်လို့ ထိုင်းနိုင်ငံကို သွားမယ့်သူတယောက်က အကြံပေးပါတယ်။

“ကျနော်က ဒီလထဲ အလည်အပတ်သွားဖို့ရှိတာ။ အဲဒီလို အခက်အခဲတွေ ကြားတော့ လေဆိပ်က အသိတယောက်နဲ့ချိတ်ပြီး ရဲကို ဘယ်လောက်ပေးရမလဲ ညှိတော့ ၂ သိန်းတောင်းတယ်။ ထပ်ညှိကြည့်တော့ ၁ သိန်းလောက်နဲ့ တည့်သွားတယ်။ ဒီလထဲမှာပဲ အဘိုးနဲ့အဘွားက စင်ကာပူကို ဆေးကုဖို့ သွားစရာရှိတာကိုလည်း ကြိုပြီး ချိတ်ထားရတယ်။ မချိတ်ထားလို့ သွားခွင့်မရရင် ဟိုဘက်မှာ ကြိုတင်ပေးထားရတာတွေ အကုန်ဆုံးမှာ။ တချို့ဆိုရင် ၁၀ သိန်း၊ သိန်း ၂၀ လောက် ဆုံးနေကြတာ။”

လက်ရှိမှာ ပြည်ပထွက်ခွာခွင့်တွေကို စစ်ကောင်စီက တင်းကျပ်ထားတဲ့အတွက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ၊ အပျော်ခရီးဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနိုင်မယ့် အခြေအနေတွေ အားလုံးကို ဝန်ဆောင်မှုပေးနိုင်ပေမဲ့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာခွင့် ရ/မရကိုတော့ အာမမခံနိုင်ဘူးလို့ ခရီးသွားတွေကို ကြိုတင်အသိပေးနေကြရပါတယ်။

ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာခွင့်ကို ပြည်ပထွက်ဖူးတဲ့ ပတ်စ်ပို့ စာအုပ်အဟောင်းတွေကိုတော့ အလွယ်တကူ ထွက်ခွင့်ပေးပေမဲ့ စာအုပ်အသစ်တွေကိုတော့ အကြောင်းအမျိုးမျိုးပြပြီး ထွက်ခွာခွင့် ပိတ်ပင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013