အောင်မင်္ဂလာအဝေးပြေးမှာရှိတဲ့ ရခိုင်ကားဂိတ်တွေ ပိတ်ထားရတဲ့အတွက် ဂိတ်ဝန်ထမ်းတွေ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ အဆိုပါဂိတ်တွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ အောင်မင်္ဂလာအဝေးပြေးက ကားဂိတ်အားလုံး ပိတ်ထားရပြီး လက်မှတ်ရောင်းချတာတွေလည်း ရပ်ဆိုင်းထားရတာ အချိန်ကြာမြင့်လာပြီဖြစ်တဲ့အတွက် အဆိုပါဂိတ်တွေဟာ အခြားအလုပ်အကိုင်တွေကို ပြောင်းလဲလုပ်ကိုင်နေကြရသလို အချို့ဝန်ထမ်းတွေကတော့ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးအတွက် အခက်အခဲ ကြုံနေကြတယ်လို့ ကားဂိတ်ဝန်ထမ်းတွေက ပြောပါတယ်။
“၂ လပိုင်းလောက်ကတည်းက ဂိတ်တွေပိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်သေးတယ်။ ၄ လပိုင်းလောက်ကစပြီး လက်မှတ်ရောင်းတာတွေလည်း အကုန်ရပ်သွားတယ်၊ ဂိတ်တွေကိုလည်း အခုထိ ပိတ်ထားတယ်။ တချို့ဝန်ထမ်းတွေကတော့ တခြားဂိတ်တွေမှာပြောင်းပြီး အလုပ်လုပ်ကြတယ်။ တချို့ဝန်ထမ်းတွေကျတော့ ကြုံရာအလုပ် ဝင်လုပ်တာတွေနဲ့ ဝမ်းရေးဖြေရှင်းနေကြရတာ” လို့ ကြံတိုင်းအောင်ယာဉ်လိုင်းမှာ ဝန်ထမ်းလုပ်ခဲ့ဖူးသူတယောက်က ပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကိုသွားမယ့် ခရီးသည်တင်ယာဉ်အားလုံးကို ဝင်ထွက်ခွင့် ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်ကို အဓိက ပြေးဆွဲနေတဲ့ အောင်မင်္ဂလာအဝေးပြေးက ဂိတ်တွေအပြင် နိုင်ငံအနှံ့ ပြေးဆွဲနေတဲ့ အခြားဂိတ်တွေဟာလည်း လက်မှတ်ရောင်းချမှု ရပ်နားထားရတယ်လို့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေက ပြောပါတယ်။
Elite မော်တော်ယာဉ်လိုင်းမှ လက်မှတ်အရောင်းကိုယ်စားလှယ်တယောက်က “ရခိုင်ပြည်နယ်အတွက်ဆိုရင် ကျနော်တို့ ဂိတ်တခုတည်း လက်မှတ်အရောင်းပိတ်ထားတာ မဟုတ်ပါဘူး။ ဂိတ်အားလုံး အရောင်းရပ်ထားရတာပါ” လို့ ပြောပါတယ်။
ဒီလို ရခိုင်ပြည်နယ်ကိုသွားမယ့် မော်တော်ယာဉ်လိုင်းတွေ ပိတ်ပင်ခံထားရတဲ့အတွက် ခရီးသွားသူတွေနဲ့ ကုန်စည်ပို့ဆောင်လိုသူတွေဟာ လေကြောင်းလိုင်းတခုတည်းကိုသာ အားထားပြီး ပို့ဆောင်နေရတာကြောင့် ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ဒဏ် ခံစားနေကြရပါတယ်။