စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နိုဝင်ဘာ ၂၉ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် အနီးကပ်ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
“မုံရွာမြို့ပေါ်အလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်တပ်ဘက်က တပ်ကြပ် ၁ ယောက်ကို အနီးကပ်ပစ်ခတ်ခံခဲ့ရတာ။ နေရာမှာတင်သေပါတယ်” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုကို မုံရွာအခြေစိုက် 3 Star ဒေါင်းလေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုယ်တိုင် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုသီဟက “အဲဒီပစ်ခတ်တာကို 3 Star ဒေါင်းလေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်တိုင်လုပ်ခဲ့တာပါ။ ဒါပေမယ့် သူ့အဖွဲ့က ကျန်တဲ့ ရဲဘော်တွေကတော့ ဘေးပတ်ချာလည်မှာ လုံခြုံရေးတွေယူထားပေးကြတာပေါ့။ ဒေါင်းလေးအဖွဲ့ ခေါင်းဆောင်က လက်ပစ်ဗုံး ၁ လုံးကောက်ရတယ်ဆိုပြီး သွားအပ်တာ စကားတွေ အပြန်အလှန်ပြောကြပြီး အဲဒီတပ်ကြပ်က သူ့အထက်အရာရှိကို ဖုန်းဆက်တဲ့အချိန် ခေါင်းကို အနီးကပ်တေ့ပြီး ၂ ချက်ပစ်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး အဲဒီအုပ်ချုပ်ရေးမှူးရုံးရှိတဲ့လမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်တယ်လို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း 3 Star ဒေါင်းလေးတပ်ဖွဲ့ဘက်က လက်ပစ်ဗုံး ၁ လုံး ဆုံးရှုံးခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆီကနေ MA3 သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ကာ 3 Star ဒေါင်းလေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်ရဲဘော်တွေကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မုံရွာမြို့ပေါ် ရန်ကင်းမီးပွိုင့်အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံခဲ့ရသေးတယ်လို့ သူက ဆက်ပြောပါတယ်။