ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင်မှာ အကျဉ်းဦးစီးဌာန အရာရှိက အကျဉ်းသားတွေကို အရက်မူးတိုင်း ပြင်းထန်စွာရိုက်နှက်နေပြီး အခုနိုဝင်ဘာလအတွင်း နိုင်ငံရေး အကျဉ်းသားတယောက် အပြင်းအထန် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဟင်္သာတထောင်ဝန်ထမ်း အရာရှိ အောင်ကျော်မြင့်က အရက်မူးပြီး နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော် အပါအဝင် အကျဉ်းသားတွေကို လူမဆန်စွာရိုက်နှက်ပြီး ဆေးကုသခွင့်လည်း မပေးဘူးလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“အဆိုးဆုံး အရိုက်ခံရတာကတော့ ကိုရှိုင်းထက်ဇော်ပါ။ သူ့ကို နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်က အကျဉ်းထောင်အရာရှိ အောင်ကျော်မြင့်က အကြောင်းပြချက်မရှိဘဲ လူမဆန်ရိုက်တာ။ ခေါင်းကိုနံရံနဲ့ ဆွဲဆောင့်ထားလို့ ခေါင်းလည်း ထိခိုက်ထားတယ်။ လက်တွေမှာတော့ လုံးဝရစရာမရှိလောက်အောင်ဘဲ။ နိုဝင်ဘာ ၆ ရက်ကလည်း အကျဉ်းသား ၉ ယောက်ကို သူကထိုးကြိတ်လုပ်သေးတယ်။ အောင်ကျော်မြင့်က မူးလာရင် အခုလိုပဲလုပ်လုပ် လာတယ်။ ဆေးကုသခွင့်လည်းမပေးဘူး။ အကျဉ်းသားတွေဘာအမှားလုပ်မိလည်းပေါ့ စုံစမ်းတော့မရှိပါဘူး။”
ဟင်္သာတအကျဉ်းထောင် အဆောင် ၄ ရှိ နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ကို အကျဉ်းဦးစီးဝန်ထမ်း တပွင့် အရာရှိ အောင်ကျော်မြင့်က အရက်မူးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီဝန်းကျင်လောက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို အခန်းအဆောင်တွေအတွင်း ပိတ်ထားချိန် ထောင်ဝန်ထမ်း အောင်ကျော်မြင့်က နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ရဲ့ နာမည်ကိုခေါ်ကာ ဘာယာတန်း (အခန်းအပြင်သို့ လက်သာထုတ်လို့ရအောင် ပြုလုပ်ထားသည့် တိုင်အတန်းများ) အပြင်ဘက်ကို လက်ထုတ်ခိုင်းပြီးနောက် အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့လို့ ပုဒ်မ ၅၀ ည၊ ၅၁ (က) တို့နဲ့ ဟင်္သာတအကျဉ်းထောင်မှာ ဖမ်းဆီး အကျဉ်းချခံနေရသူဖြစ်ပါတယ်။
အကျဉ်းသားတွေအပေါ် ဥပေဒေမဲ့ ရိုက်နှက်နေတဲ့ အကျဉ်းထောင်အရာရှိ အောင်ကျော်မြင့်ကို သက်ဆိုင်ရာ အထက်အဆင့်ဆင့်က စစ်ဆေးတားဆီး အရေးယူခြင်း မရှိတဲ့အပြင် ထောင်ပိုင်သန်းဇော်ထွေးနဲ့ ပေါင်းကာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်နေတာလို့ ဆိုပါတယ်။
အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ဝန်ထမ်းတယောက်က “ဟင်္သာတအကျဉ်းထောင်ထဲက အခြေအနေက အတော်ဆိုးနေတာ။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ။ နာတာရှည်ဝေဒနာရှင် အကျဉ်းသားအယောက် ၄၀ ထက်မနည်း ကျန်းမာရေး အခြေအနေဆိုးနေတယ်” လို့ ပြောပါတယ်။
အကျဉ်းသား မိသားစုဝင်တွေက အကျဉ်းဦးစီးဌာနဆီ ထောင်ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ပြုပေးဖို့ တောင်းဆိုထားကြပေမဲ့ ထောင်အာဏာပိုင်တွေက လက်ရှိအချိန်ထိ ခွင့်ပြုပေးတာမရှိဘူးလို့လည်း သိရပါတယ်။
လက်ရှိကာလမှာ အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အချိန်မရွေး ခေါ်ထုတ် သတ်ဖြတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပြီး အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့် ဆုံးရှုံးနေကာ လူ့အခွင့်အရေးနဲ့ အကျဥ်းသား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစု၊ လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ အကျဉ်းထောင်နဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို စောင့်ကြည့်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးတာကို ထိရောက်စွာလုပ်ပေးကြဖို့ PPNM က တိုက်တွန်း ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကလည်း အကျဉ်းထောင်တွေကို ဟန်ပြသွားရောက်ကြည့်ရှု လေ့ရှိပေမဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးတာ မရှိပါဘူး။