မန္တလေး၊ အိုးဘိုအကျဉ်းထောင်က အဆောင်တွေမှာ လျှပ်စစ်မီးပုံမှန်မရရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရေချိုးခွင့်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားတာကြောင့် တကိုယ်ရေသန့်ရှင်းမှုတွေ အားနည်းပြီး ယားနားဖြစ်ပွားမှု မြင့်တက်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ထောင်အခေါ်ပုံစံနဲ့ ရေကို ခွက်အရေအတွက်နဲ့ ချိုးနေရပြီး နိုင်ငံရေးအကျဉ်းသားတယောက်ကို ပုံမှန်ရေချိုးခွက်နဲ့ ၁၀ ခွက်နေကနေ ခွက် ၂၀ ကြားသာ အသုံးပြုခွင့်ရတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အတွင်း အကျဉ်းသားတယောက်ကို အဝတ်အစား ၂ စုံ ထောင်က ပေးပေမဲ့ အဝတ်အစားလျှော်ဖွပ်ဖို့ ရေအသုံးပြုခွင့် ကန့်သတ်ထားတာကြောင့် သေချာလျှော်ဖွပ်ခွင့်မရရှိဘဲ အနံ့အသက်အနည်းငယ် ပျောက်ရုံသာ လျှော်ဖွပ်ပြီး ပြန်ဝတ်ဆင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အိမ်သာရေ အလုံအလောက်မရရှိတဲ့အတွက်လည်း အကျဉ်းသား၊ အကျဉ်းသူတွေအားလုံး အခက်တွေ့နေကြပြီး ရေမရှိချိန် အိမ်သာသွားတဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင် မပြုလုပ်နိုင်လို့ အခန်းတွင်း အနံ့အသက် ဆိုးရွာစွာဖြစ်ပေါ်နေတာကို အဓိက ရင်ဆိုင်နေကြရတာပါ။
အခန်းတွင်း အိမ်သာရေ မရှိတာကြောင့် တန်းဖွင့်ချိန် မရောက်ခင်အထိ အောင့်ထားကြရတာသလို ရေရှည် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေကြကြောင်း ဆိုပါတယ်။
အကျဉ်းထောင်မှာ သတ်မှတ်လူဦးရေထက် ကျော်လွန်ပြီးထားလို့လည်း ကျပ်တည်းစွာ နေထိုင်နေကြရပြီး တယောက်နဲ့ယောက် ထိကပ်နေတာကြောင့် အဲဒီကနေတဆင့် ယားနာကူးစက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်က သိရပါတယ်။