Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး ဆွေးနွေးရာ၌ AA ကို လျစ်လျူမရှုရန် အကြံပေး
DVB
·
November 26, 2024

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဖြေရှင်းရာမှာ အာရက္ခတပ်တော် (AA) မပါဝင်ဘဲ ဖြေရှင်းနိုင်မှာ မဟုတ်သလို လျစ်လျူမရှုဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး မိုဟာမက် တော်ဟိဒ် ဟိုစိန်က ပြောပါတယ်။  

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးသိပ္ပံ (BISS) မှာ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရိုဟင်ဂျာ နေရပ်ပြန်နိုင်ရေးဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေး မိုဟာမက်တော်ဟိဒ် ဟိုစိန်က ပြောလိုက်တာပါ။

“ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို အလေးထားလုပ်ဆောင်ဖို့ လိုပြီး ရခိုင်မှာက အာရက္ခတပ်တော် မပါဝင်ဘဲနဲ့ မြန်မာစစ်ကောင်စီက မဖြေရှင်းနိုင်ဘူး။ သူတို့ရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုလို့ မရပါဘူး။”

လောလောဆယ်မှာ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ထားတဲ့ မြို့နယ်ပေါင်း ၁၁ ခုအထိ ရှိပြီး မောင်တောမြို့မှာ သိမ်းပိုက်ဖို့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတခုသာ ကျန်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာအကြံပေးက အာရက္ခတပ်တော် (AA) ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လာရင် လျစ်လျူရှုလို့မရဘူးလို့ ပြောဆိုထားတဲ့အပေါ် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားနေသူ ကိုရိုနေဆန်းလွင်က တကယ်တမ်းမှာ မြေပြင်အခြေအနေကိုလည်း လေ့လာဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအနေနဲ့လည်း မိသားစု စားဝတ်နေရေးက လုံလောက်မှုမရှိတဲ့အပြင် လွတ်လပ်စွာသွားလာခွင့် မရှိတာကြောင့် မိမိနေရပ်ကို အမြန်ဆုံး ပြန်သွားချင်တယ်လို့ ပြောပါတယ်။

Rohingya Youth Association အမှုဆောင်ဒါရိုက်တာ ကိုခင်မောင်က “အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကလည်း ဒီကိစ္စကို အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အရင်အစိုးရထက် ခုအစိုးရက ပိုပြီး ထဲထဲဝင်ဝင် လုပ်ဆောင်နေတာကို တွေ့လာရပါတယ်။ ကျနော်တို့ မြန်မာပြည်ကို အမြန်ဆုံးပြန်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကျနော်တို့ မြန်မာပြည်ကို ပြန်မယ်ဆိုရင် အရင်တုန်းက ရရှိခဲ့တာတွေကို ပြန်လည်ပေးရမယ်။ ကိုယ့်ရွာ ကိုယ့်ဒေသကို ပြန်နိုင်ရမယ်၊ လွတ်လပ်စွာ သွားလာခွင့်၊ ကလေးတွေ ပညာသင်ကြားခွင့်ရအောင် တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေအတွင်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ပြုမှုကျူးလွန်ခဲ့တာကြောင့်  ရိုဟင်ဂျာ ၇ သိန်းကျော် ဘဂ်လးဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီတို့က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ၈ နှစ်ကြာပြီးတဲ့အချိန်ထိ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ထူးခြားမှု တစုံတရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ သဘောတူညီချက်ကို ဆက်ပြီးမပြုလုပ်တာ ပိုကောင်းမယ်လို့ ဘဂင်္လားဒေ့ရှ်နိုင်ငံ အစိုးရကို မိုဟာမက် တော်ဟိဒ် ဟိုစိန်က အကြံပြုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ အာရက္ခတပ်တော် (AA) နဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းတာက အခြေအနေနဲ့ ကိုက်ညီမှုရှိပြီး မှန်ကန်ပါတယ်လို့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ အထူးသဖြင့် ရခိုင်ပြည်မြောက်ပိုင်းမှာ နခခ ၅ ကလွဲလို့ရှိရင် ဒေသတခုလုံးက ရခိုင်တပ်တော်ရဲ့ လွှမ်းမိုးအုပ်ချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒါဟာ စစ်ကောင်စီရဲ့ လွှမ်းမိုးမှု စီမံအုပ်ချုပ်မှုအောက်မှာ မရှိပါ။ ဒါကြောင့်မို့ အဲဒီကိစ္စတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးနေလည်း သိပ်ပြီးတော့ လက်တွေ့မကျပါဘူး။ တကယ်တမ်း အဲဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင်တော့ AA ပါ ပါဝင်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေး ဖြေရှင်းတာက လက်တွေ့ကျတဲ့ ကိစ္စရပ်ဖြစ်ပြီး လိုအပ်တဲ့ အနေအထားတရပ်ဖြစ်မယ်” လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ တသန်းကျော်ရှိပြီး လက်ရှိ ရခိုင်မှာ တကျော့ပြန် တိုက်ပွဲတွေကြောင့်လည်း ရိုဟင်ဂျာ သောင်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013