မြန်မာရေပိုင်နက်အတွင်းကို ကျူးကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ကို ပြန်လည်လွှဲပြောင်းပေးပြီးနောက် ကျန်ရှိနေခဲ့တဲ့ ငါးဖမ်းလှေ ၁၅ စီးထဲက ၇ စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၂၀ ရက်မှာ သတင်းထုတ်ပါတယ်။
အာရက္ခရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး ၆၀ လောက်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲဝင်တွေက နိုဝင်ဘာ ၅ ရက်က တွေ့ရှိခဲ့တဲ့အတွက် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ ၁၅ စီး (စက်တပ် ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား အယောက် ၂၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ဖမ်းဆီးခံရသူငါးဖမ်းသမား အယောက် ၂၀ ကို ၂ ရက်ကြာ ထိန်းသိမ်ထားခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လက်ထဲကို ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ကြောင်း AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ငါးဖမ်းသမားတွေကိုတော့ ထပ်ပြီးမလုပ်ဖို့ ခံဝန်ကတိလက်မှတ်ထိုးခိုင်းပြီး ၇ ရက်နေ့ကတည်းက ပြန်ပြီးလွှဲပြောင်းခဲ့တာ။ ငါးဖမ်းလှေ ၁၅ စီးထဲက ၇ စီးကိုလည်း မနေ့က နိုဝင်ဘာ ၂၀ ရက်က ထပ်ပြီး လွှဲလိုက်ပါပြီ။ ကျန်တဲ့ လှေ ၈ စီးကိုတော့ လုံခြုံရေး အာမခံချက်ရှိတဲ့ အချိန်ကြရင် ထပ်ပြီး လွှဲပြောင်းပေးဖို့ရှိပါတယ်။"
AA ရဲ့ စစ်ဆေးမေးမြန်းချက်တွေအရ ဖမ်းဆီးရမိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးခိုးဖမ်းနေကြသူတွေမှာ ဆင်းရဲနွမ်းပါးသူတွေဖြစ်သလို မိသားစုစားဝတ်နေရး အကျပ်အတည်းကို ငါးဖမ်းကာ အသက်မွေးဝမ်းကျောင်းပြု ဖြေရှင်းနေကြသူတွေဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်မှုကို အရင်ကထက် ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ရေပြင်ကျူးကျော် ဝင်ရောက်ငါးဖမ်းတဲ့ ငါးဖမ်းသမားတွေကို ဘာပြစ်ဒဏ်မျှအပေးဘဲ ချက်ချင်း ပြန်လွှတ်ပေးခဲ့တာပါ။
အာရက္ခရေပြင်အတွင်း အကြိမ်ကြိမ် ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေရဲ့ မိသားစုစားဝတ်နေရေး အကျပ်အတည်းတွေကို ထောက်ထားငဲ့ညှာမှုနဲအတူ အခုလို သက်ညှာပေးခဲ့တာဖြစ်ကြောင်းလည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။