လာမယ့် တပတ်မှာတွေ့ဆုံမယ့် လီဗာပူးနဲ့ပွဲမှာ ရှုံးပွဲထပ်တွေ့ခဲ့မယ်ဆိုရင် ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားလိမ့်မယ်လို့ မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပွဲစဉ် ၁၂ အပြီးမှာ အဆင့် ၁ က လီဗာပူးနဲ့ ၈ မှတ်ကွာဟနေပြီး ပွဲစဉ် ၁၃ မှာ လီဗာပူးရဲ့ အမ်ဖီးလ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။
လီဗာပူးအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟသွားမယ်ဆိုရင် ချန်ပီယံလုပွဲပြီးဆုံးသွားပြီလို့ ပြောနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြဂွါဒီယိုလာက လက်ခံသဘောတူကြောင်း၊ စီးတီးကို ကိုင်တွယ်လာတဲ့ ၈ နှစ်တာကာလပတ်လုံး လက်ရှိအခြေအနေလိုမျိုး မကြုံတွေ့ခဲ့ရကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး လီဗာပူးနဲ့ပွဲမှာ ထပ်ရှုံးမယ်ဆိုရင် အဆိုးရွားဆုံးမှတ်တမ်းထပ်တင်မှာ ဖြစ်ပါတယ်။