Home
ရုပ်သံ
ဗုံးကြောင့် စိတ်ဒဏ်ရာမျိုးစုံခံစားနေရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက ကလေးငယ်များ (ရုပ်သံ)
DVB
·
November 25, 2024

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းက ကလေးငယ်တွေဟာ စိတ်ဒဏ်ရာမျိုးစုံ ရရှိနေကြပါတယ်။ 

ခုမြင်နေရတာက ဒုတိယအကြိမ်မြောက် ဗုံးကြဲခံရပြီးမြင်ရတဲ့ ဘန်ကောက် စစ်ရှောင်စခန်းအတွင်းက အပျက်အစီးတွေပါ။ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးသွားတဲ့ ဒီအဆောက်အဦအပျက်တွေထက် စခန်းမှာရှိတဲ့ အရပ်သားတွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုကတော့ ပိုပြီးကြီးပါတယ်။

“လူကြီးပိုင်းတွေဆိုရင် စားမဝင် အိပ်မပျော်တာတွေဖြစ်တယ်။ ကလေးငယ်တွေဆိုရင်လည်း စိတ်မနှံ့တော့တဲ့ ပုံစံမျိုးတွေတောင် ဖြစ်ကုန်တာပေါ့နော်။ စားလို့ပြောရင်တောင်မှ စားရမှန်းလည်း သူတို့ မသိတော့ဘူး။ တွေဝေပြီး ငေးမောပြီးမှ ကြောင်တောင်တောင်တွေ ဖြစ်ကုန်တာပေါ့နော်။ ကလေးတွေလည်း ဖြစ်တယ်။ လူကြီးတွေလည်း ဖြစ်တယ်။" 

ဘန်ကောက်စစ်ရှောင်စခန်းက ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ ရှိတာပါ။ ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေဟာ ဒီစစ်ရှောင်စခန်းမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ 

ဒီစခန်းထဲမှာ လမ်းမလျှောက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊ အမြင်အာရုံချို့တဲ့သူတွေ၊ အကြားအာရုံ ချို့တဲ့သူတွေ၊ ကလေးငယ်တွေနဲ့ မုဆိုးမတွေ အများဆုံး တိမ်းရှောင်နေကြတာလို့ ဒီစခန်းမှာနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။ 

အရပ်သားတွေပဲရှိတဲ့ ဒီစစ်ရှောင်စခန်းကို စစ်ကောင်စီကတော့ စစ်ရေးပစ်မှတ်တစ်ခုကို ချေမှုန်းသလို အဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာပါ။  

စစ်ကောင်စီဘက်က ဒီစခန်းဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၈ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီထဲက ၂ ကြိမ်ကတော့ စစ်ရှောင်စခန်းအတွင်းထဲထိ ကျရောက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။

စစ်ရှောင်စခန်းထဲအထိ ကျရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဗုံးကြဲတိုက်ခိုက်ခံရမှုမှာတော့ ကလေးငယ် အပါအဝင် စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် ၂ လကျော်ပဲ ခြားတဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာတော့ အမျိုးသမီးတယောက် သေဆုံးပြီး ၂ ယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာပါ။ 

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကြီးမားတဲ့ တိုက်ရိုက်ထိခိုက်ဒဏ်ရာရခဲ့တာတွေ မရှိခဲ့သူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့  နားစည်ထိခိုက်တာ၊ အကြောက်လွန်လက္ခဏာတွေအပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုမျိုးစုံခံစားနေကြရတယ်လို့ ဆိုပါတယ်။

“ခဏခဏ ကလေးလည်း စိတ်ဒဏ်ရာရတယ်။ ကလေးလည်း ကိုယ်ပူနေပြီ အခု။ အခု ကျမက ရာသီလာနေတာလည်း ၁၃ ရက်၊ ၁၄ ရက်လောက် ရှိတယ်။ လုံးဝမပျောက်နိုင်တော့ဘူး။ အဲဒီလိုမျိုး တအားကြောက်တာပေါ့။ နားတွေဆိုလည်း ဒီလိုမျိုး ပိတ်ထားပြီး ပြန်ထုတ်လိုက်ရင် သွေးတွေရှိတယ်။ အထဲထဲမှာ သွေးတွေရှိတယ်။ တံတွေးမျိုချရင်လည်းနာတယ်။”

လေကြောင်းတိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ထိခိုက်ဒဏ်ရာ ခံစားနေရသူတွေဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ကလည်း ခက်ခဲနေဆဲပါ။

“အခု စိတ်ပိုင်းဆိုင်ရာ ထိနေတဲ့ ကလေးတွေက ဆေးကုသမှုခံယူဖို့ကလည်း အခုက ဘယ်သူ့ကို ချိတ်ဆက်ရမှန်းလည်း မသိဘူး။ ဘယ်သူ့ကို သွားပြီးမှ အကူအညီတောင်းရမလဲ မသိဘူး။ ဘယ်သူ့ကို ဘယ်လိုသွားပြီးမှ ဘယ်လိုလုပ်ရမလဲကို မသိဘူး။ အခု ကလေးမတယောက် ဆိုရင်လည်း သေသွားတဲ့ အဒေါ်ကြီးကို ပထမဆုံးတွေ့တဲ့ ကလေးမဆိုရင် အိပ်လည်း သူ မအိပ်ဘူး။ စားလည်း သူမစားဘူး။ စကားတောင် သိပ်မပြောတော့ဘူး ဖြစ်သွားတယ်။ အဲဒီလိုမျိုးတွေပေါ့။ အခုကလည်း တခါလည်း မဟုတ်ဘူး၊ နှစ်ခါ သုံးခါ ဆိုတော့ ကလေးတွေလည်း ဒီလိုဖြစ်ကုန်ပြီ။ စိတ်ပိုင်းဆိုင်ရာမှာ အကုန်လုံးထိကုန်ပြီ။ ကျောင်းစာသင်ရတာလည်း ဖြောင့်ဖြောင့်ဖြူးဖြူးကို တခါမှမသင်ရဘူး။”

ဘန်ကောက်စစ်ရှောင်စခန်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲဘက်က လာရောက် စစ်ရှောင်နေသူတွေရှိသလို ကရင်နီပြည်နယ်လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီမောဆို စတဲ့ဘက်ကတွေကနေ လာရောက်စစ်ရှောင်နေသူတွေလည်း ရှိပါတယ်။

စစ်ကောင်စီရဲ့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ကြုံနေရပေမဲ့ ထပ်ပြီးရွှေ့ပြောင်းဖို့ကလည်း နေရာနဲ့ စားနပ်ရိက္ခာရဖို့က ထင်သလောက် မလွယ်တဲ့ အခြေအနေပါ။ 

“ပြောင်းနေတော့မယ်လို့ တချို့တလေက ပြောတယ်။ ဒါပေမဲ့ ပြောင်းဖို့ နေရာလည်း မရှိဘူး။ ဘယ်လိုလုပ်မလဲ။ စားနပ်ရိက္ခာကလည်း ဘယ်လိုမှ အဆင်မပြေဘူး။ အဲလိုမျိုးပေါ့။”

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် လူပေါင်း ၃ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီထဲက ၁ ဒဿမ ၄ သန်းခန့်က ကလေးငယ်တွေဖြစ်တယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် တနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်ပေါင်း ၆၅၀ လောက်ဟာ သေဆုံးတာ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေကို ခံစားခဲ့ရတယ်လို့လည်း ယူနီဆက်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013