ရုရှားက ယူကရိန်းမှာ အရင်ရက်က ပစ်လွှတ်လိုက်တဲ့ အသံထက်မြန်တဲ့ အိုရက်ရှ်နစ် ဒုံးကျည်ကို ဆက်လက် စမ်းသပ်သွားမှာဖြစ်ပြီး စနစ်သစ်ကို ဆက်တိုက်ထုတ်လုပ်မှု စတင်တော့မယ်လို့ သမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၂၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
အိုရက်ရှ်နစ် ဒုံးကျည်ဟာ ရုရှားရဲ့ နောက်ဆုံးပေါ် နျူကလီးယား မဟုတ်တဲ့ အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီးတော့ ဒီနေ့ကမ္ဘာမှာ ဒီလိုဒုံးကျည်မျိုးကို တန်ပြန် တိုက်ခိုက်တာမျိုး၊ အဲဒီဒုံးကျည်ကို ရန်သူက ကြားဖြတ် တားဆီးနိုင်စွမ်း မရှိဘူး လို့လည်း ပူတင်က ရုပ်မြင်သံကြား မှတ်ချက်တွေမှာ ပြောပါတယ်။
အိုရက်ရှ်နစ် စနစ်ဟာ ခေတ်ဟောင်းက ဆိုဗီယက်စနစ်တွေကို ခေတ်မီအောင် ပြုပြင်မွမ်းမံထား တာမျိုး မဟုတ်ပဲ ဒီကနေ့ ရုရှားခေတ်သစ်မှာ ပထမဆုံး လုပ်ဆောင်ချက်ရဲ့ရလဒ် ဖြစ်ကြောင်းနဲ့ ခေတ်မီဆန်းသစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အခြေခံပြီး အတိအကျ ဖန်တီးထားတာ ဖြစ်ကြောင်း ပူတင်က ပြောကြားပါတယ်။
ဒီနေ့ခေတ် အခြေအနေတွေမှာ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရချိန်မှာ ဒီလို လက်နက်စနစ်တွေကို လုပ်ဆောင်ခြင်းဟာ အထူးသဖြင့် ရုရှားနိုင်ငံအတွက် အလွန်အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
ရုရှားအတွက် ဖန်တီးထားတဲ့ လုံခြုံရေးခြိမ်းခြောက်မှု အခြေအနေနဲ့ သဘောသဘာဝပေါ် မူတည်ပြီး တိုက်ပွဲအခြေအနေတွေအပါအဝင် ဒီနောက်ဆုံးပေါ် စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် ရုရှားမှာ ဒီလိုကုန်ပစ္စည်းတွေကို သိုလှောင်ထားတာကြောင့် ဒီလိုစနစ်တွေကို သုံးဖို့ အဆင်သင့်ပဲလို့လည်း ပူတင်က ပြောသွားပါတယ်။
Source: Reuters