ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်က စေတီတော်တဆူရဲ့ စိန်ဖူးတော် မြေခပြီး ကျောင်းနဲ့ အိမ်တချို့ မျက်နှာကြက်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ ၄၈ မိနစ်လောက်က ကမ္ဘာအေး မြေငလျင်စခန်းကနေ အနောက်တောင်ဘက် ၄၂ မိုင်ခန့်အကွာ ကျိုက်လတ်မြို့ရဲ့ အနောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာ၊ ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကျေးရွာတာဝန်ခံတယောက်က “ငလျင်က လှုပ်တာ အချိန်တော်တော်ကြာတယ်၊ ပြင်းလည်းပြင်းတယ်၊ လတ်တလောအနေနဲ့ သိရတာကတော့ မြေငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာက ဆုတောင်းပြည့်စေတီတော်ရဲ့ စိန်ဖူးတော် မြေခခဲ့တယ်။ ရွာထဲက နေအိမ်နဲ့ အဆောက်အအုံ အချို့ အမိုးတွေ၊ မျက်နှာကြက်တွေ၊ တံခါးတွေလည်း ပျက်စီးခဲ့တယ်။ လူတွေတော့ ထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ညောင်တုန်း၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မ၊ ဖျာပုံ၊ ဟင်္သာတ၊ ကျိုက်လတ်၊ ကျုံမငေး၊ ကျုံပျော်၊ ဓနုဖြူ၊ ဟင်္သာတ စတဲ့ ခရိုင်နဲ့ မြို့နယ်တွေမှာလည်း ငလျင်လှုပ်ခတ်တဲ့ဒဏ်ကို အချိန်ကြာကြာ သိသိသာသာ ခံစားခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖျာပုံခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဒီဘက်မှာက သိသိသာသာကို ၂ ခါလှုပ်တာ။ ဒုတိယတခါက အတော်ပြင်းတယ်။ ဘာမှထူးထူးခြားခြား ဖြစ်တာ၊ ပျက်တာ မရှိဘူး။ နောက်ဆက်တွဲ မြေငလျင်ကိုတော့ သတိထားရမယ်” လို့ ပြောပါတယ်။
အဲဒီ မြေငလျင်လှုပ်တဲ့ဒဏ်ကို ရန်ကုန်တိုင်းထဲက ကော့မှူးမြို့နယ်အပြင် တခြားမြို့နယ် အချို့မှာလည်း သိသိသာသာ ခံစားသိရှိခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန် ၇ ရက် ညနေ ၄ နာရီ ၂၃ မိနစ် ၅၁ စက္ကန့်ကလည်း ကမ္ဘာအေးမြေငလျင်စခန်း အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သေးတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီမြေငလျင်ဒဏ်ကြောင့် ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၄၄ က စလပ်ပြား ပြိုကျခဲ့လို့ သီလရှင် ဆရာကြီးတပါးနဲ့ ယောဂီအမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။