ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှာ ဒီဇင်ဘာ ၁၇ ရက်က ရဲတပ်ဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
မနေ့ မနက် ၁၁ နာရီခွဲလောက်က ကျိုက်ထော် နယ်မြေရဲစခန်းက ရဲတပ်ကြပ်တယောက် သုံးဘီးဆိုင်ကယ်နဲ့ ထွက်လာစဉ် အမည်မသိ သေနတ်သမားက တလုတ်ထော်ကျေးရွာအနီး အမည်မသိ သေနတ်သမားက ပစ်ခတ်သွားတာဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက "သုံးဘီးဆိုင်ကယ်နဲ့ ထွက်လာတုန်း တလုတ်ထော်ကျေးရွာနဲ့ အင်းယားချောင်ကျေးရွာအကြားမှာ ဆိုင်ကယ်သမားနှစ်ဦးက အနီးကပ် ပစ်သွားတာ။ ရဲတပ်ကြပ်က သုံးဘီးမောင်းပြီး အရပ်သားပုံစံနဲ့ ထွက်လာတုန်း သုံးချက်လောက်ရှိတယ် ပစ်သွားတာ။ သုံးဘီးဆိုင်ကယ်ပေါ်မှာပဲ ပွဲချင်းပြီးသေတယ်။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ ကျိုက်ထော်နယ်မြေရဲစခန်းက ရဲတပ်ကြပ် နယ်ထိန်း တင်မိုးဇော် (ခ) စမိုင်းဖြစ်ပြီး ကျောကုန်းနဲ့ နံဘေးကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပြီးနောက် အခင်းဖြစ်ပွားရာ နေရာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။
ပဲခူးတိုင်း၊ ကဝမြို့နယ်မှာလည်း အုန်းနှဲကျေးရွာရှိ နယ်မြေရဲစခန်းကို ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီလောက်မှာ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
အုန်းနှဲနယ်မြေရဲစခန်းက အုန်းနှဲ-ကဝ ကားလမ်းဘေးမှာရှိတာကြောင့် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းအဝင်ဂိတ်ပေါက်မှာ မိုင်းထောင်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ မြေပြင်သတင်းရင်းမြစ်အရတော့ ရဲ နှစ်ဦး ဒဏ်ရာရတယ်လို့သိရပါတယ်။ ဘယ်အဆင့်ဆိုတာ ခွဲဖို့ခက်ပါတယ်။ နောက်ဆက်တွဲ စုံစမ်းတာကတော့ ရဲမေ တစ်ဦးနဲ့ ရဲသားတစ်ဦးလို့ သိရတယ်။ အတိအကျ ဘယ်အဆင့်ဆိုတာတော့ ပြောရခက်ပါတယ်"လို့ ပြောပြထားပါတယ်။
မိုင်းခွဲတိုက်ခိုက်ပြီးနောက် ရဲစခန်းကနေ အုန်းနှဲကျေးရွာဘက်သို့ သေနတ်နဲ့ရမ်ပစ်ခတ်ခဲ့သလို မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ အွန်လိုင်းမီဒီယာမှာ ဖြန့်ဝေသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်။
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက "လောလောဆယ်တော့ သူတို့တိုက်ခိုက်ခံရတဲ့ အကြောင်းကို အွန်လိုင်းမှာ ဖြန့်တဲ့ပြည်သူ နှစ်ဦးကိုတော့ ဖမ်းဆီးစစ်ဆေးနေတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဒီဇင်ဘာ ၁၆ ရက်ညက သက္ကလဘက်မှ စစ်ကားနှစ်စီး အုန်းနှဲဘက်ကိုတက်သွားပြီး အခုအချိန်မှာ ကဝမြို့ကို လုံခြုံရေးအရင်ကထက် ပိုမိုတင်းကျပ်ထာတဲ့အပြင် အစစ်အဆေးတွေလည်း ပိုလုပ်နေပါတယ်။