Home
မြန်မာသတင်း
မြန်မာတွင် ကလေးသူငယ် ၁၃ သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ 
DVB
·
November 22, 2024
Photo-UNICEF Myanmar

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲတွေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူဦးရေ ၃ ဒသမ ၄ သန်းကျော်ထဲက ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ( ၁ ဒသမ ၃၆  သန်းကျော်)ဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

UNICEF ရဲ့ လက်ထောက်အမှုဆောင် ဒါရိုက်တာ တက်ဒ် ချိုင်ဘန်းက “မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ စိုးရိမ်မှတ်ကို ရောက်ရှိနေပြီး ကလေးသူငယ်တွေနဲ့ မိသားစုတွေကို မကြုံစဖူး အန္တရာယ်ကျရောက်စေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့်လည်း လူပေါင်း ၄၀၀ ကျော် သေဆုံးကာ နိုင်ငံတဝန်း ရေကြီး ရေလျှံမှုတွေကြောင့် လူနေအိမ်ခြေရာထောင်ချီ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်နေရသလို စစ်တပ်က သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို အသုံးပြုခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာပါ။

အဆိုပါ တိုက်ပွဲနဲ့ ပဋိပက္ခတွေအပြင် တိုင်ဖွန်းယာဂီလို ပြင်းထန်တဲ့ ရာသီဥတုဆိုင်ရာ သဘာဝဘေးဒဏ်တွေက ကလေးသူငယ်တွေအပေါ် “ဆိုးရွားသော သက်ရောက်မှု” ရှိကြောင်း မစ္စတာ ချိုင်ဘန်းက ပြောထားသလို ဒီအခြေအနေတွေက သူတို့ကို အိုးမဲ့အိမ်မဲ့ဖြစ်စေကာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးကဏ္ဍတွေကိုပါ ဖြတ်တောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်တုန်းကလည်း ကချင်ပြည်နယ်ထဲက ကလေးသူငယ်တွေ ဘောလုံးကစားနေတဲ့ ဘုရားကျောင်းအတွင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေး သူငယ် ၇ ယောက်နဲ့ တခြား အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်းနဲ့ နိုင်ငံတဝန်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အခုနှစ်ထဲမှာ အနည်းဆုံး ကလေးသူငယ် ၆၅၀ လောက် ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် လူ ၁,၀၀၀ ကျော် ထိခိုက်သေဆုံးတိုင်း ၃၂ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်တယ်လို့လည်း မစ္စတာ ချိုင်ဘန်းက ပြောပါတယ်။

နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေမြှုပ် မိုင်းတွေအပါအဝင် အရပ်သားတွေ နေထိုင်ရာ ဒေသတွေမှာ သေစေနိုင်လောက်တဲ့ လက်နက်တွေ တိုးမြှင့်အသုံးပြုမှုက ကလေးသူငယ်တွေအတွက် ဘေးကင်းတဲ့နေရာတွေကို ကန့်သတ်ထားသလို ဖြစ်နေပြီး သူတို့ရဲ့ လုံခြုံရေးနဲ့ လုံခြုံရေးအခွင့်အရေးတွေ ဓားပြတိုက်ခံရသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ၊ မလုံခြုံမှု၊ သွားလာခွင့် အဟန့်အတားတွေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကြား UNICEF နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေအနေနဲ့ ကျန်းမာရေး၊ အာဟာရနဲ့ ပညာရေး အပါအဝင် အသက်ကယ်ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013