အခြေခံအလုပ်သမား အခွင့်အရေးတွေကို ပေးဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုဆန္ဒပြနေတာကို ချားရစ်ခ် ပန်းပုစက်ရုံဘက်က လုံးဝလက်မခံဘဲ အင်အားသုံးခြိမ်းခြောက်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် ချားရစ်ခ် ပန်းပုစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၂ ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ကိစ္စက စလို့ လုပ်ငန်းခွင်အတွင်း အချိန်ပိုကြေးနဲ့ နေ့စားခတွေကို လုံလောက်အောင်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာမှာ ၂ ပတ်ကျော်ကြာတဲ့အချိန်ထိ ပြေလည်မှုမရှိသေးတာပါ။
အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးနေပေမဲ့ စက်ရုံဘက်က အလုပ်သမားတွေ တောင်းဆိုတာကို မလိုက်လျောဘဲ နိုဝင်ဘာ ၂၁ ရက် နေ့လယ်မှာ ရဲနဲ့ စစ်သားတွေက အင်အားနဲ့လာရောက် ခြိမ်းခြောက်သွားတယ်လို့ ဆန္ဒပြအလုပ် သမားခေါင်းဆောင်တယောက်က DVB ကို ပြောပါတယ်။
“ပြေလည်မှုမရသေးဘူး၊ ဟိုနေ့က သွားပြီးညှိနှိုင်းတာလည်းမရဘူး အခုကျရော လူစုလူဝေး လုပ်နေလို့တဲ့ စစ်တပ်ရော၊ ရဲရောက လာခြိမ်းခြောက်နေတယ်၊ ဒီလိုမျိုး လုပ်တာ တရားမဝင်ဘူးတဲ့၊ ရှေ့က ဦးဆောင် နေတဲ့သူတွေကို စပြီးဖမ်းလို့ရတယ်တဲ့ အဲလိုလာပြီး ခြိမ်းခြောက်တယ်၊ လာလာပြီး ခြိမ်းခြောက်နေတာနဲ့တင် မခံနိုင်တော့ဘူး၊ သူတို့က မျက်နှာထောက်နေလို့ပေါ့ မလုပ်တာတဲ့၊ ရဲမှူးကပြောတာ၊ နောက်က စစ်သားတွေလည်းပါတယ်။ သူတို့ညှိတယ် ဟိုတရက်က ရုံးချိန်းတွေသွားတော့လည်း ဒီစကားပဲ၊ ထုတ်ထားတဲ့သူတွေကို ပြန်မခေါ်နိုင်ဘူး တောင်းဆိုထားတာလည်း မပေးနိုင်ဘူးဆိုတာပဲ ပြောတယ်။ ဘယ်နှချိန်ချိန်းချိန်း အဲဒီစကားပဲ ပြောတယ်၊ ဘယ်လို ဆက်လုပ်မလဲဆိုရင် ILO နဲ့ပဲဆက်သွားမယ်၊ ဆက်ပြီးတိုင်ကြားတော့မယ်၊ အခု သူတို့က ခြိမ်းခြောက်မှုတွေ အရမ်းများနေပြီ။”
စက်ရုံဒါရိုက်တာ တရုတ်နိုင်ငံသားရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ရတဲ့ အလုပ်သမားအမျိုးသမီး ၂ ယောက်နဲ့ တခြားသော အလုပ်သမားခေါင်းဆောင် စုစုပေါင်း ၁၄ ယောက်ကို အလုပ်ထုတ်ထားပြီး စက်ရုံဘက်က ပြင်ပက နေ့စားအလုပ်သမားကို ခေါ်ယူပြီး လုပ်ငန်းလည်ပတ်နေတာ သိရကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မအိက ပြောပါတယ်၊
“ရလဒ်ကတော့ ဘာရလဒ်မှကို မထွက်သေးဘူး။ အလုပ်ရှင်က ဒီအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ဘာတခုမှ မပေးဘူး။ လုပ်ငန်းခွင်က ရသလောက်လည်ပတ်နေတဲ့ပုံစံက အပြင်က နေ့စားအလုပ်သမားတွေ ခေါ်ပြီးတော့ ၇၀၊ ၈၀ လောက်နဲ့ ရသမျှလုပ်နေတဲ့ ပုံစံတော့ရှိတယ်။ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်တွေကို ဆက်သွယ်တာ စာပို့တာတွေ လုပ်တယ်။ ဒါပေမဲ့ အကြောင်းပြန်လာခြင်းတော့မရှိသေးဘူး။ အလုပ်သမားဝန်ကြီးဌာနရဲ့ အခြေအနေကလည်း အားကောင်းတဲ့ အခြေအနေမရှိဘူးပေါ့။ အလုပ်ရှင်ဘက်ကပဲ ရပ်တည်နေတဲ့ ပုံစံတော့ ရှိတယ်။ အလုပ်သမားတွေဘက်ကတော့ အချိန်ကြာလာတာနဲ့အမျှ အခုကာလမှာ ရပ်တည်ဖို့တော့ အဆင်မပြေဘူးပေါ့။ ဒါပေမဲ့ သူတို့သွားနိုင်တဲ့အထိတော့ သွားမယ်လို့ ဆုံးဖြတ်ချက်ချထားကြပါတယ်။”
အလုပ်သမားရေးရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ရန်ကုန်ရုံးခွဲကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
အလုပ်သမားတွေဘက်က ကိုယ်ထိလက်ရောက် ကျူးလွန်သူ တရုတ်နိုင်ငံသားကို အလုပ်ကနေ ထုတ်ပယ်ပေးဖို့၊ ကျူးလွန်ခံရတဲ့ အမျိုးသမီး ၂ ယောက်အပါအဝင် အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့နဲ့ နေ့ကြေး အချိန်ပိုကြေးတွေ လုံလောက်အောင်ပေးဖို့ စတဲ့ အချက် ၁၈ ချက် ပါဝင်တဲ့ တောင်းချက်တွေကို နိုဝင်ဘာ ၆ ရက်စပြီး အလုပ်သမားတွေက တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဝေဝေ