Home
နိုင်ငံတကာ
ဟောင်ကောင် ဒီမိုကရေစီလိုလားသူ ၄၇ ဦးကို ထောင်ဒဏ်အသီးသီးချမှတ်
DVB
·
November 19, 2024
Photo: REUTERS/Tyrone Si

ဟောင်ကောင်တရားရုံးက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို နိုဝင်ဘာ ၁၉ ရက်မှာ  နိုင်ငံတော်အာဏာဖီဆန်မှုနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။ 

ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအရ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံအမတ်တွေနဲ့ သာမန်ပြည်သူတွေ စတဲ့ စုစုပေါင်း ၄၇ ယောက်ကို ထောင်ဒဏ် ၄ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်တုန်းက တရားဝင်မဟုတ်တဲ့ အကြိုရွေးကောက်ပွဲမှာ ပါဝင်စီစဉ်တယ်ဆိုပြီး ဥပဒေပညာရှင်ဟောင်း ဘန်နီတိုင်းကို ထောင်ဒဏ် ၁၀ နှစ်နဲ့ တက်ကြွလှုပ်ရှားသူ ဂျော်ရှူဝါ-ဝေါင် ကို ၄ နှစ်ကျော် ထောင်ဒဏ်ကျခံဖို့ စီရင်ခဲ့ပါတယ်။ 

အဲဒီ ၄၇ ယောက်ထဲက အများစုဟာ သွေးကွဲအောင် ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပေမယ့်လည်း ၂ ယောက်ကိုတော့ တရားသေ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်ပြည်မကြီးက အမျိုးသားလုံခြုံရေးဥပဒေကို ချမှတ်ခဲ့ပါတယ်။ အဲဒီဥပဒေအောက်မှာ ဦးဆောင်သူ ဘန်နီတိုင်း ရဲ့ ပြစ်ဒဏ်ဟာ အမြင့်ဆုံးဖြစ်သလို အကြီးမားဆုံးသော တရားခွင်လည်း ဖြစ်ပါတယ်။ 

ဒါကြောင့် ဟောင်ကောင်မှာ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တရားဥပဒေစိုးမိုးရေး သိသိသာသာ အားနည်းလာခဲ့သလို တရုတ်ပြည်မကြီးရဲ့ ထိန်းချုပ်နိုင်စွမ်းကိုလည်း ခိုင်မာလာစေခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

အမေရိကန်ကတော့ ဒီတရားစီရင်မှုကို ‘နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာသာ’ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ 

တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင် အစိုးရဘက်ကလည်း အဲဒီဥပဒေဟာ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် အားနည်းသွားစေတယ်ဆိုတဲ့ အချက်ကိုပါ ငြင်းဆန်ထားပါတယ်။ 

ဒါက တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအပေါ် ထိပါးလာနိုင်တဲ့ အင်အားစုတွေကို သတိပေးချက်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013