Home
မြန်မာသတင်း
ပုလဲ စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
November 19, 2024
Photo: စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော်ရှိပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် တာဝန်ခံတယောက်က “ပုလဲမြို့ပေါ်နဲ့ ပုလဲမြို့နယ်ထဲက ရွာ ၂၀ ကျော်က စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော်က နီးစပ်တဲ့နေရာတွေမှာ ဖြစ်သလို နေနေကြရတာပါ။ စစ်တပ်က ပုလဲမြို့နယ်ထဲကို ပြန်ဝင်နေပြီး မြို့ပေါ်နဲ့ ရွာတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတော့ ထွက်ပြေးလာကြတဲ့ ပြည်သူတွေလည်း သူတို့ရွာတွေကို မပြန်ရဲကြသေးဘူး။ အဲဒီက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတာ ၁၀ ရက်လောက်ရှိပြီဆိုတော့ အရေးပေါ်အကူအညီတွေ လိုအပ်နေကြတယ်” လို့ ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတဲ့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တွေအပြင် ဆေးဝါးနဲ့ သောက်ရေသန့်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးတာတွေ ​ခံရတဲ့ ပုလဲမြို့ပေါ်နေ ပြည်သူတွေ အပါအဝင် အလယ်ဘုံ၊ မြကုန်း၊ ကုက္ကိုကုန်း၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ အေးကုန်း၊ ဇောင်ဂျမ်းကုန်း၊ မန်ကျည်းခွ၊ ကြိုးကြာဥ၊ ရွာသာ၊ လိန်ကုန်းကျေးရွာ၊ ရွာထင်၊ ရိုး(တောင်)၊ ရိုး(မြောက်)၊ မင်းတိုင်ပင်၊ ကြောင်သန်း၊ စေတီရုံ၊ ကံကြီး၊ နွယ်ရှောက်၊ လက်ပုကန် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးနေရတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကနေ သိရပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ပုလဲမြို့နယ်ထဲကို စစ်တပ်က ပြန်ပြီး ထိန်းချုပ်ထားပြီးတဲ့နောက်ပိုင်း စစ်သားတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်။ အခုလောလောဆယ် အလယ်ဘုံရွာ အနောက်ပိုင်းကအိမ်တွေ အကုန်ပြာကျသွားပြီလို့ သိရတယ်ဗျ။ အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ မြကုန်းရွာကိုလည်း မီးဆက်ရှို့နေတယ်။ မြို့ပေါ်ကအိမ်တွေကိုလည်း ထပ်အရှို့ခံရတယ်လို့ သိရတယ်။ ပျက်စီးသွားတဲ့ အရေအတွက်ကို သိရဖို့ ကြိုးစားပြီး စုံစမ်းနေပါတယ်။ အဲလို အိမ်တွေ မီးရှို့ခံရလို့လည်း စစ်ဘေးရှောင်တွေက တနေ့တခြား တိုးလာနေတာပါ။ စစ်ဘေးရှောင်တွေ တိုးလာတဲ့အ‌ေလျာက်လည်း အကူအညီတွေက ပိုလိုအပ်နေတာပါ” လို့ DVB ကို ပြောပါတယ်။

ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေဟာ ပုလဲမြို့သိမ်း စစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီ တပ်စခန်းတွေကို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှာတော့ တော်လှန်ရေးတပ်ပေါင်းစုတွေ ဆုတ်ခွာပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ပုလဲမြို့ပေါ်နဲ့ ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့လည်း ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပုလဲမြို့ကို နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ Non CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် ၃ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013