
ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ရင်း အမှတ် ၂၁၀၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ခွန်းအန်းဂျေလိုဟာ နိုဝင်ဘာ ၁၇ ရက်မှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းက နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
အသက် ၄၃ နှစ်အရွယ် တပ်စိတ်မှူး ရဲဘော် ခွန်းအန်းဂျေလို (ခ) ကိုထွန်းအောင်ဟာ နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီခွဲက ရှေ့တန်းစစ်မြေပြင်တနေရာမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ပြန်ကြားရေးတာဝန်ရှိသူ ခွန်းဆောင်ဒူက “တပ်ရင်းမှာ အရမ်းအားကိုးရတဲ့ တပ်စိတ်မှူးတယောက် ဖြစ်တယ်။ စစ်ကြောင်းမှာလည်း အားကိုးရတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတာပေါ့။ တပ်ရင်းအတွက် နစ်နာဆုံးရှုံးမှုတခုလို ခံစားလိုက်ရပါတယ်” လို့ ပြောပါတယ်။
ရဲဘော် ခွန်းအန်းဂျေလို (ခ) ကိုထွန်းအောင် ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရပြီး အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ထား အလေးနီပြုတယ်လို့ သိရပါတယ်။
နေရာဒေသအသီးသီးက ပြန့်ကျဲနေတဲ့ ကယန်းလူမျိုးတွေကို တစုတစည်းတည်း ဖြစ်စေချင်တာကြောင့် ကယန်းအမျိုးသားတပ်မတော် (KNA) ကို အောက်တိုဘာ ၃၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီတပ်ကို တော်လှန်နေတယ်လို့ သိရပါတယ်။