ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲထဲက တချို့ရွာတွေမှာ အခုရက်ပိုင်းအတွင်း MNDAA က အိမ်ထောင်စုစာရင်းလုပ်ဖို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းလုပ်ပေးဖို့ စာရင်းတွေ ထပ်ပေးရတာ။ အိမ်ထောင်စုစာရင်းက မထွက်လာသေးပါဘူး” လို့ ပြောပါတယ်။
ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင်းမှာတင် မဟုတ်ဘဲ ကိုးကန့် MNDAA ထိန်းချုပ်ထားရာ နယ်မြေတွေ အားလုံးမှာ အိမ်ထောင်စုလုပ်ပေးဖို့ စာရင်းထပ်ကောက်နေတယ်လို့ သိရကြောင်း သူကပြောပါတယ်။
အမျိုးသမီးတယောက်က “အိမ်ထောင်စုရပြီးမှ မှတ်ပုံတင် (ကိုးကန့်ဒေသခံကတ်ပြား) လုပ်ပေးမယ်လို့ပြောတယ်။ အိမ်ထောင်စုတောင် ရဖို့ ကြာဦးမှာ။ မှတ်ပုံတင်ကတော့ လုပ်ရဖို့က ပိုကြာမှာ” လို့ ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့တွေ ပန်ဆိုင်း (ကြူကုတ်)၊ မုံးကိုး၊ ဖောင်းဆိုင်တွေကို သိမ်းပိုက်ပြီးနောက်မှာလည်း ဒေသခံတွေဆီ မှတ်ပုံတင်လုပ်ပေးဖို့ဆိုပြီး အိမ်ထောင်စု စာရင်းတွေပါ စာရင်းပေးခဲ့ရဖူးပေမဲ့ ခုထိပေးတာမျိုးတော့ မရှိခဲ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ အိမ်ထောင်စုစာရင်းတွေလုပ်ပေးတာ ကိစ္စမရှိပေမဲ့ အိမ်ထောင်စု စာရင်းတွေနဲ့ စစ်သားစုဆောင်းခံလာရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ကိုးကန့် MNDAA က ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့မှာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္နီ၊ မုံးကိုး၊ ပန်ဆိုင်း (ကြူကုတ်) တွေကို သိမ်းပိုက်ထားပြီး ၁၀၂၇ ဒုတိယအကျော့မှာဝောာ့ စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
လက်ရှိ ကိုးကန့် MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အထူးဒေသ ၁ လို့ပဲ သတ်မှတ်ထားပြီး ကိုးကန့်ခရိုင်၊ မူပန်ခရိုင်၊ ကွတ်ခိုင်ခရိုင်နဲ့ မုံးကိုးခရိုင် ဆိုပြီး ခရိုင် ၄ ခု သတ်မှတ်ထားပါတယ်။
ခရိုင်တခုစီမှာ မြို့နယ် ၅ ခုစီရှိပြီး နဂို မြို့ရွာ နာမည်တွေကို သုံးထားတာရှိသလို နာမည်အသစ်တွေ ပြောင်းလဲခေါ်တွင်ထားတဲ့ နေရာတွေလည်း ရှိပါတယ်။