ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်ရှိ ကုန်းလောရွာ KBC ဘုရားကျောင်းဝင်းအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အပါအဝင် ၈ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
“ဘုရားကျောင်းဝင်းထဲကျတာ။ ကလေးတွေ ဘောလုံးကစားနေတော့ တည့်တည့်ကျတာ။ ဘုရားကျောင်းလည်း ပျက်စီးသွားတယ်။ သေဆုံးက ကလေးအပါအဝင် ၈ ဦး။ တခြားဒဏ်ရာရသူတွေလည်း အများကြီး ရှိတယ်။”
ကုန်းလောကျေးရွာအပြင် ကုန်းလောရွာနဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ မရယ်ကထောင်ကျေးရွာဘက်မှာလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
“မရယ်ကထောင်က ကုန်းလောနဲ့ ၁၇ မိုင်အကွာမှာ ရှိတာ။ ကုန်းလောမှာ ဗုံးကြဲပြီး တောက်လျှောက် မရယ်ကထောင်ရွာကိုလည်း ဗုံးကြဲသွားတာ။ အဆိုးဆုံးက ကုန်းလောမှာ ဖြစ်သွားတာပေါ့။”
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာမှာ မိုးမောက်က စစ်ရှောင်တွေ သွားရောက်ခိုလှုံနေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
လတ်တလော ကုန်းလောရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကတော့ အတိအကျ မသိရသေးပါဘူး။