
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ အမှတ် ၁၂ ရပ်ကွက်မှာ နိုဝင်ဘာ ၁၂ ရက် ညမှာ စစ်ကောင်စီတပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဧည့်စာရင်းအကြောင်းပြကာ အမျိုးသား ၁၇ ယောက်ကို ဖမ်းဆီးပြီး မိထ္ထီလာတပ်နယ်အတွင်းက စစ်တပ်တခုထဲ ခေါ်ဆောင်သွားတယ်လို ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်သန်းက ရပ်ကွက်အတွင်း ဧည့်စာရင်း အကြောင်းပြပြီး အမျိုးသား ၁၇ ယောက်ကို တပ်သားသစ်စုဆောင်းဖို့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
စစ်မှုထမ်းခေါ်သွားခံရတဲ့ မိသားစုဝင်တယောက်က “အုပ်ချုပ်ရေးမှူးက စာရင်းလုပ်ပေးလိုက်တာ။ သူနဲ့ အဆင်မပြေတဲ့ မိသားစုဝင်တွေကို ထည့်ပေးလိုက်တာ၊ ဧည့်စာရင်းစစ်တာဆိုပြီး စာရင်းထဲပါတဲ့ မိသားစုဝင်အိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီးမှ ခေါ်သွားတာ” လို့ DVB ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှုးအဖွဲ့ဝင်နဲ့နီးစပ်သူတယောက်က “စစ်မှုထမ်း ဥပဒေစာရင်းကို လုပ်ထားတာ မဟုတ်ဘူး။ စစ်တပ်က လူလာတောင်းမှ ရပ်ကွက်ထဲမှာ နေပြီး သူနဲ့အဆင်မပြေတဲ့ မိသားစုတွေရဲ့ နာမည်တွေ တန်းစီရေးပြီး သူ့ရာအိမ်မှူးကို အိမ်တွေ လိုက်ပြခိုင်းပြီး ခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တပ်သားသစ်အင်အားတွေ လိုနေတာကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းနေတာ ဖြစ်ပြီး အခုလည်း စစ်မှုထမ်းဥပဒေစာရင်းပါလို့ဆိုကာ ဧည့်စာရင်းဝင်စစ်ရင်း ခေါ်သွားတာကြောင့် ကြိုတင်ပြင်ဆင်ဖို့ အချိန်မရဘဲ အားလုံး ၁၇ ယောက် ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းစာရင်းထဲ မပါချင်ရင် လူငှားထည့်ရမယ်ဆိုတာကြောင့် အုပ်ချုပ်ရေးမှူးကို ကျပ်ငွေ ၃ သိန်းလည်း ပေးထားပြီးပြီဖြစ်ပေမဲ့ အခုက ငွေလည်းယူ၊ လူပါ ခေါ်ခံလိုက်ရတာလို့လည်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။