Home
မြန်မာသတင်း
အိမ်မဲ ခလရ ၆၃ တွင် အဓမ္မစုဆောင်းခံရသည့် လူငယ် ၁၀၀ ကျော် မကွေးတိုင်းကို အပို့ခံရ
DVB
·
October 30, 2024
Photo - HH

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ခလရ ၆၃ မှာ အဓမ္မစုဆောင်းခံထားရတဲ့ အရပ်သား စစ်မှုထမ်း လူငယ် ၁၀၀ ကျော်ကို မကွေးတိုင်းဘက်ကို ပို့လိုက်တယ်လို့ အိမ်မဲ ခလရ ၆၃ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့အမိန့်နဲ့ အဓမ္မစစ်မှုထမ်း စစ်သားစုဆောင်းခဲ့တဲ့ အရပ်သား စစ်မှုထမ်း လူငယ် ၁၀၀ ကျော်ကို စစ်ကားတွေနဲ့ အောက်တိုဘာ ၂၈ ရက်က မကွေးတိုင်း၊ မကွေးမြို့ကို ပို့လိုက်တာလို့ အိမ်မဲ ခလရ ၆၃ တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“လူငယ်တွေက ဧရာဝတီတိုင်းထဲက လူငယ်တွေပါ။ အားလုံး အယောက် ၁၀၀ ကျော်ကျော် အပို့ခံရတာ။ ၆၆ ဘတ်တံဆိပ်ပါ ယူနီဖောင်းတွေ ပေးဝတ်ပြီး အပို့ခံရတာ။ ဗိုလ်ကြီးအဆင့်က ဦးဆောင်ပြီး စစ်ကား ၈ စီးနဲ့ သွားပို့တာ။ စစ်ဆင်ရေးအတွက်လို့ ပြောတာပဲ။” 

အိမ်မဲမြို့နယ်က အဓမ္မစစ်သားစုဆောင်းခံထားရတဲ့ မိခင်တယောက်က “သတင်းတွေက အမျိုးမျိုးကြားနေတာပဲ။ သားလေးနဲ့လည်း ဖမ်းခေါ်ခံရကတည်းက အဆက်အသွယ် ပြတ်နေတာ။ စိတ်ပူတာ သေရတော့မယ်၊ မငို မလွမ်းတဲ့နေ့ တနေ့တောင် မရှိပါဘူး။ ဘယ်လိုနေ ဘယ်လိုစားနေလဲ မသိဘူးလေ။ အမေဆုတောင်းပါတယ် အမေ့သားလေးအတွက်ကော အမေ့သားလို ကလေးတွေအတွက်ကော” လို့ ပြောပါတယ်။

အိမ်မဲ ခလရ ၆၃ တပ်ကနေ စစ်သားစုဆောင်းပြီး မကွေးတိုင်းထဲ အပို့ခံရတဲ့ လူငယ်တွေ အများစုဟာ အသက် ၂၀ ကျော်အရွယ်တွေများပြီး ဖျားနာ နေမကောင်းဖြစ်နေတဲ့ လူငယ် ၄၀ ကျော်အထိ ပါတယ်လို့ တပ်နဲ့နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်း အများဆုံး ထမ်းဆောင်ဆုပေးခဲ့လို့ အခုလို လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းပေးနေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024