
ပြီးခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ဆန္ဒမပြဖို့ တားမြစ်ချက်ကို ဆန့်ကျင်ဖီဆန်ပြီး မြို့တော်ခန်းမရှေ့မှာ ဆိုင်းဘုတ်အဖြူတွေကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ဒတ်ခ်ျရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
လူ ၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒတ်ခ်ျသတင်းဌာန ANP က သတင်းထုတ်ထားပြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီအရေအတွက်ကို ချက်ချင်း အတည်မပြုပါဘူး။
နိုဝင်ဘာ ၇ ရက်က အစ္စရေးမှ မက်ကာဘီတဲလ်အဗစ်ဘောလုံးအသင်းနဲ့ ဒေသတွင်းအသင်း အေဂျက်အသင်းတို့အကြား ဘောလုံးပွဲ မစခင်နဲ့ ပွဲအပြီးမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးခဲ့ပြီးနောက် အမ်စတာဒမ်မှာ တင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။
ကြာသပတေးနေ့ ညပိုင်းက ပွဲလာကြည့်တဲ့ အစ္စရေးပရိသတ်တွေကို တိုက်ခိုက်ပြီး ထွက်ပြေးတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဘောလုံးပွဲပရိသတ်တွေဟာ ပါလက်စတိုင်းအလံကိုလည်း မီးရှို့ခဲ့ပြီး ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့ကြရာမှာ တုတ်တွေ၊ ပိုက်တွေနဲ့ ကျောက်ခဲတွေ သုံးပြီး ရန်ဖြစ်ခဲ့ကြတာကို ရိုက်တာ ရုပ်သံမှာမြင်တွေ့ရပါတယ်။
ဒါ့အပြင် အာရပ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကိုလည်း အော်ဟစ်နေကြတဲ့ ပရိသတ်တွေကိုလည်း ရုပ်သံမှာ ပြသထားပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အပါအဝင် နယ်သာလန်အာဏာပိုင်တွေနဲ့ နိုင်ငံခြားခေါင်းဆောင်တွေကတော့ အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုကို ဂျူးဆန့်ကျင်ရေး အကြမ်းဖက်မှုအဖြစ် ရှုတ်ချခဲ့ပါတယ်။
အကြမ်းဖက်မှုတွေအပြီးမှာ ဒေသဆိုင်ရာအာဏာပိုင်တွေက နိုဝင်ဘာ ၁၄ ရက် ကြာသပတေးနေ့ မနက်အထိ ဆန္ဒပြမှု တားမြစ်ချက်ကို ချမှတ်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက်ညပိုင်းက အမ်စတာဒမ်မြို့ အနောက်ဘက်ရှိ ရင်ပြင်တခုမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာကြောင့် အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက လူအများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
လူတဦးတယောက်ကိုမှ ထိခိုက်မှု မရှိခဲ့ပေမဲ့ ခရီးသည်တင် ဓာတ်ရထားကားမှ ပြတင်းပေါက်တွေ ကွဲကြေသွားခဲ့ပါတယ်။
Source: Reuters


