၂၀၁၅ ရွေးကောက်ပွဲ နိုင်ပြီးနောက်၊ ဇော်ကြီးနဲ့ ကျွန်တော် နေပြည်တော်က ပြန်ကြသည်။ သူက လွှတ်တော်အမတ်။ ကျွန်တော်က ထိုစဉ်က အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရနဲ့ အလုပ်လုပ်နေချိန်။ သောကြာနေ့ နေ့လယ် လွှတ်တော်ပြီးချိန်ဆို နေပြည်တော်က ထွက်၊ မန္တလေး အမရပူရမှာ သူ့ကို ချပေးပြီး၊ မုံရွာကို ကျွန်တော် တယောက်တည်း ဆက်မောင်းသွားလေ့ရှိသည်။ သူက ကျွန်တော်ကို မေး၏။
“၉ဝ တုန်းက မင်း ပြောသလို လုပ်ဖို့ လိုမလား။”
“မလိုဘူး ထင်တယ်။ ၂၀၀၈ မှာ စစ်တပ်က သူ့ဘာသာ ကာကွယ်ထားပြီးသားဆိုတော့” ကျွန်တော့် အဖြေ ဖြစ်ပါသည်။
၁၉၉ဝ တုန်းက သူက ရွေးကောက်တင်မြှောက်ခံ အမရပူရ အမတ်။ ကျွန်တော်က စစ်ကိုင်းတိုင်း အထက်ချင်းတွင်းဒေသ စည်းရုံးရေးအဖွဲ့ဝင်အဖြစ် မင်းကင်း၊ မော်လိုက်၊ ကလေး၊ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးမြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ယခင် ဖောင်ပြင် မ၊ဆ၊လ ပါတီ ယူနစ် ဥက္ကဋ္ဌဟောင်း၊ ထိုစဉ်က မျိုးချစ် ရဲဘော်ဟောင်း အဖွဲ့ဝင် ဗိုလ်ကြီးမောင်ရွှေ၊ မန္တလေးက ကျောင်းအုပ်ဆရာကြီး ကိုဝင်းအောင်တို့နဲ့အတူ ဖွဲ့စည်းထူထောင်ပြီးနောက် ရန်ကုန်ကို ပြောင်းရွှေ့ နေထိုင်နေစဉ် ဖြစ်သည်။ သာမန် အင်န်အယ်ဒီ အဖွဲ့ဝင်အဖြစ်ကလွဲလို့ ကျွန်တော်မှာ ဘာတာဝန်မှ မရှိ။
၉၀ ရွေးကောက်ပွဲအပြီး၊ ရန်ကုန်မြို့ ဂန္ဒီခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပပါသည်။ ထိုညီလာခံကို တက်ဖို့ ဇော်ကြီးက ရန်ကုန်ကို ရောက်လာသည်။ ဒီညီလာခံမှာ သူက မန္တလေးတိုင်းကို ကိုယ်စားပြုပြီး၊ အာဏာလွှဲပြောင်းရေး ဆွေးနွေးမည်ဖြစ်သည်။ ညီလာခံ မစမီ ၂ ရက်အလိုမှာ သူနှင့် ဇော်ဝင်းတို့ (ဒေါက်တာ ဇော်ဝင်း၊ အရာတော် အမတ်၊ စစ်ကိုင်းတိုင်း အင်န်အယ်ဒီအစိုးရ လူမှုဝန်ကြီး)က ကျွန်တော်တို့ လင်မယား နေထိုင်နေသော ရန်ကုန် ကလေးဆေးရုံကြီးဝင်းအတွင်းက ဆရာဝန်များ တိုက်ခန်းမှာ လိုက်အိပ်ကြသည်။ အဲဒီညမှာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် မြန်မာ့နိုင်ငံရေးကို ငြင်းခုံကြသည်။ အသေးစိတ်တော့ ကျွန်တော် မမှတ်မိတော့ပါ။
ကျွန်တော်က စစ်တပ် အာဏာလွှဲမည် မထင်ပါ။ ထို့ကြောင့် အာဏာလွှဲပြောင်းရေးကို တောင်းဆိုသည်ထက် အစိုးရအဖွဲ့မှာ ပါဝင်ဖို့ တပ်ကို ကမ်းလှမ်းသင့်သည်ဟု ထင်သည်။ မည်သည့် နိုင်ငံမှာမဆို ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းခြင်းမှာ စေ့စပ်ရသောနေရာ ဖြစ်ပါသည်။ Real Politics ဟု အင်္ဂလိပ်လို သုံးနှုန်းကြသော လက်တွေ့ နိုင်ငံရေးမှာ ပါဝါနှင့် အကျိုးစီးပွားတို့က အဓိကအားဖြင့် စကားပြောပါသည်။ ပါဝါမှာ အာဏာ ဆုပ်ကိုင်နိုင်အားနှင့် ဆိုင်သည်။ ဒီမိုကရေစီ အသားကျပြီး နိုင်ငံများတွင်တော့ လူထုမဲသည် အာဏာဆုပ်ကိုင်နိုင်အားနှင့် ထပ်တူကျနိုင်သော်လည်း ဒီမိုကရေစီ အသားမကျသေးသော သို့မဟုတ် အာဏာရှင်စနစ်မှ ကူးပြောင်းရမည့် နိုင်ငံများတွင် လူထုမဲအားသာမက အခြားအချက်များကလည်း စကားပြောပါသည်။ စစ်တပ်သည် ရွေးကောက်တင်မြှောက်ခံ မဟုတ်သော်လည်း အာဏာဆုပ်ကိုင်နိုင်အား သူ့မှာ ရှိနေသည်။ ထို့ကြောင့် ပဋိပက္ခနည်းနည်းနှင့် ကူးပြောင်းနိုင်အောင် ကြိုးစားသင့်သည်ဟု ကျွန်တော်က ယူဆဆွေးနွေးပါသည်။ သို့သော် ပြည်သူက အာဏာအပ်နှင်းလိုက်သော သူငယ်ချင်းလွှတ်တော် အမတ်နှစ်ယောက်က ထိုချဉ်းကပ်ပုံကို သဘောမတူကြပါ။ ထိုကာလတွင် အခြား ချဉ်းကပ်ပုံ တခုလည်း ရှိပါသေးသည်။ တပ်ကို အစိုးရ ဖွဲ့စည်းခွင့်ပေးလိုက်ပြီး ရွေးကောက်တင်မြှောက်ခံ အင်န်အယ်လ်ဒီနဲ့ အခြားပါတီတွေက လွှတ်တော်မှာ နေခြင်းအားဖြင့် ပါလီမန် ဒီမိုကရေစီစနစ်ကို စတင်ပုံဖော်ကြည့်ရန် ဖြစ်ပါသည်။ ဤ ချဉ်းကပ်ပုံကို အင်န်အယ်ဒီခေါင်းဆောင် အချို့နှင့် သူ ဆွေးနွေးကြည့်ဖူးသည်ဟု ဆရာ လူထုဦးစိန်ဝင်းက ကျွန်တော့်ကို နောင်မှာ ပြောဖူးပါသည်။ ၁၉၉ဝ မှ ၁၆ နှစ်အကြာ၊ ၂၀၀၆ လောက်တွင် ထင်သည်။ အင်န်အယ်ဒီက ထိုသို့လုပ်ရန် ကြေညာချက်ထုတ် ကမ်းလှမ်းခဲ့သည်ဟု ထင်ပါ၏။
ဤသို့ဖြင့် ဇော်ကြီးသည် ဂန္ဒီမှာ အာဏာလွှဲပြောင်းရေးကို တောင်းဆိုသလို၊ အစိုးရ ဖွဲ့နိုင်ဖို့လည်း ကြိုးစားပါသည်။ ၁၉၉၀ ရွေးကောက်ခံအမတ်များက နယ်စပ်ထွက် အစိုးရဖွဲ့ဖို့ ဦးဆောင်ခဲ့သူ၊ ယခု အင်န်ယူဂျီလို ထိုစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကို အုတ်မြစ်တည်ခဲ့သူ တဦးမှာ ဇော်ကြီး ဖြစ်ပါသည်။
၉ဝ တုန်းက မင်းပြောသလို လုပ်ဖို့ လိုမလားဟု သူက နောင် ၂၅ နှစ်အကြာတွင် မှတ်မှတ်ရရ မေးခြင်းမှာ အထက်က ပြောခဲ့သော အစိုးရဖွဲ့ရေးကိစ္စ ဖြစ်ပါသည်။ သည်အချိန်မှာတော့ သူက အင်န်အယ်ဒီပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်နေပါပြီ။ သူ့အမေးကို မလိုဘူးထင်တယ်ဟု ပြောရသော အကြောင်းများ ကျွန်တော့်မှာ ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်က သူ့အကျိုးစီးပွားများကို ကာထားပြီး ဖြစ်ပါသည်။ တပ်ပါတီဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နိုင်ခြေရှိအောင်လည်း ၂၅ ရာခိုင်နှုန်း ယူထားပြီးလည်း ဖြစ်ပါသည်။ မျဉ်းနီမှာ တပ် အင်စတီကျူးရှင်းကိုတော့ မထိလေနဲ့ဟု ယူဆပါသည်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ နိုင်ငံရေးပါတီတွေ ပြိုင်ဆိုင် လုပ်ဆောင်ကြ။ သည်လို နားလည်သောကြောင့် ၂ဝ၁၅ မှာ အာဏာလွှဲပြောင်းမှု ချောမွေ့မည်ဟု ကျွန်တော်က ထင်ပါသည်။
သို့သော် ၂၀၁၅ တွင်လည်း ၉ဝ တုန်းကလို ဖြစ်မှာကို အင်န်အယ်ဒီက စိုးရိမ်နေပုံရပါသည်။ မန္တလေးနှင့် မုံရွာအပြန် ထိုခရီးနောက်ပိုင်း နေပြည်တော်မှာ သူနဲ့ ည လက်ဖက်ရည်ဆိုင် ထိုင်သောအခါ ဦးသိန်းစိန် အစိုးရအဖွဲ့ထဲမှ အင်န်အယ်ဒီက ဆက်ခန့်သင့်သည်ဟု ကျွန်တော် မြင်သောသူများကိုတော့ မေးပါသည်။
ဤသို့ဖြင့် အင်န်အယ်ဒီပါတီက အစိုးရ ဖွဲ့သောအခါသူလည်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာပါသည်။ ပါတီ ဒုဥက္ကဋ္ဌနေရာကိုလည်း ပူးတွဲကိုင်ရပါသည်။ မန္တလေးမှာ ကျွန်တော်နေဖြစ်သော နေ့များတွင် မနက်တိုင်းလို သူထိုင်သော ကိုရဲ ၏ လက်ဖက်ရည်ဆိုင်မှာ ကျနော်တို့ ထိုင်ကြပါသည်။ ကျွန်တော်သူငယ်ချင်းကို ကြည့်ပြီး၊ သူ နိုင်ငံရေးခရီး အစကိုလည်း သတိတရ ဖြစ်မိပါသည်။
၁၉၈၈ ခုနှစ်၊ လူထု အုံကြွမှုပြီးနောက်၊ အခြေအနေ တစုံတရာ တည်ငြိမ်လာသောအခါ မန္တလေးတက် ဆေးသွားဝယ်သောအခေါက်တွင် သူနဲ့ ဈေးချိုထဲမှာ ဆုံကြပါသည်။ “မင်းက ဘာလို့ အလုပ်ထွက်ရတာလဲ” လို့ ကျွန်တော် မေးကြည့်သည်။ မန္တလေး ဆေးတက္ကသိုလ် ဆရာများ သမဂ္ဂတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သောကြောင့် စစ်တပ် အာဏာသိမ်းလိုက်သောအခါ သူ့ကို ရန်ကုန် ဆေးတက္ကသိုလ်သို့ ရွှေ့လိုက်ပါသည်။ ကျန်းမာရေးဝန်ကြီးမှာ သူ ဆရာလုပ်နေသော ဇီဝကမ္မဗေဒ ဌာနမှူးဖြစ်ပြီး အာဏာမသိမ်းမီအထိ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်ခဲ့သော ဒေါက်တာဖေသိန်း ဖြစ်ပါသည်။ ဆရာ ဦးဖေသိန်းက တစ်နှစ်တော့ ရန်ကုန်မှာ သွားနေလိုက်ပါ၊ ပြန်ရွှေ့ပေးမည်ဟု ပြောသည်ဆို၏။ တစ်နှစ်ပဲကွာ မင်းက ဘာလို့ ထွက်လိုက်ရတာလဲဟု ကျွန်တော်က မေးတော့၊ “အပြောင်းအရွှေ့ အမိန့်ထဲမှာ အပြစ်ရှိသောကြောင့် လို့ ပါတယ်ကွ။ လက်မခံနိုင်ဘူး။ ငါက အပြစ်ကျူးလွန်တာ မဟုတ်ဘူး” ဟု သူက ဆိုသည်။ ဒါ .. ဇော်မြင့်မောင် ဖြစ်သည်။ ဆရာ ဦးဝင်းတင် ပြီးလျှင် ထောင်ထဲမှာ တဆက်တည်း အရှည်ကြာဆုံး နိုင်ငံရေးအကျဉ်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ဖြစ်သည်။
သူရဲကောင်းဟု လူအများက သတ်မှတ်ခေါ်ဆိုကြသော သူများမှာ ယုံကြည်တာ တစ်ခုအပေါ်မှာ ခိုင်ခိုင်ကြည်ကြည် ရပ်တည်ကြပြီး၊ အများပြည်သူကလည်း သူ့ယုံကြည်ချက်မှာ သူတို့အတွက် ဖြစ်သည်ဟု လက်ခံကြသောသူများ ဖြစ်သည်။ ငါက အပြစ်ကျူးလွန်တာ မဟုတ်ဘူး ဟူသော ဇော်ကြီး၏ စကားမှာ သူရဲကောင်းတယောက်၏ ဘဝအစ စကားဟု ထိုစဉ်က ကျွန်တော် မမြင်နိုင်ခဲ့ပါ။ ထို သူရဲကောင်းတို့၏ နှလုံးသားတွင် မူသာရှိ၍ အမုန်းမရှိကြောင်း နောင် နှစ်အနည်းငယ်အကြာမှာ ကိုဇော်ဌေး ပြောပြမှ ကျွန်တော် သိရပါသည်။
ကိုဇော်ဌေးမှာ အင်န်အယ်ဒီ အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး ဖြစ်ပါသည်။ ဦးသိန်းစိန် အစိုးရ လက်ထက် အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး အလုပ်များအတွက် နေပြည်တော်မှာ ကျွန်တော် နေဖြစ်သောနေ့များတွင် ည ဇော်ကြီးနှင့် လက်ဖက်ရည်ဆိုင် ထိုင်တတ်ပြီး၊ မနက် ကိုဇော်ဌေးနှင့် နံနက်စာ စားတတ်ပါသည်။ YKKO ၏ ကျောဘက်၊ ဆိုင်အပြင်မှာ ကျွန်တော်တို့ ထိုင်တတ်ပါ၏။ အင်န်အယ်ဒီ အစိုးရ တက်လာပြီး၊ ဦးဝင်းမြင့် သမ္မတ ဖြစ်လာသောအခါ၊ အထွေထွေအုပ်ချုပ်ရေး ဌာနကို ပြည်ထဲရေးဌာနမှ အစိုးရအဖွဲ့ ရုံးအောက်သို့ ရွှေ့ပြီးနောက် ထိုဌာန၏ ပြုပြင်ပြောင်းလဲရေးကို လုပ်သည်။ ထိုပြုပြင်ပြောင်းလဲရေးမှာ ကျွန်တော်ပါပြီး၊ နေပြည်တော်ကို မကြာခဏ ပြန်သွားရပါသည်။ YKKO ဆိုင်မှာပဲ ထင်ပါသည်။ ဂျီနိုဆိုဒ် သတင်း ကြီးမလာချိန်က ဖြစ်မည်။ တရက် ကိုဇော်ဌေးက မေးသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အင်န်အယ်ဒီက သမ္မတ ရာထူး ပေးနိုင်သလား”
ကျားသားမိုးကြိုး မေးခွန်းဖြစ်ပါသည်။ လုံးဝ ခေါင်းထဲမရှိ မျှော်လင့်မထားသော မေးခွန်းဖြစ်၍ ဘာမှ မပြောနိုင်ဘဲ ကျွန်တော် ငြိမ်ကျသွားပါသည်။ ဘာပြောရမလဲမသိ ဖြစ်နေစဉ် ၉ဝ တုန်းက မင်း ပြောသလို ဟူသော မေးခွန်း ဇော်ကြီး မေးခဲ့တာ ခေါင်းထဲမှာ ပေါ်လာသည်။ “ဖြစ်နိုင်မယ် ထင်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်သွားရင်၊ အမျိုးသားညီညွတ်ရေးအစိုးရတရပ် ဖွဲ့ရမှာပဲ။ အဲဒီမှာ ဖြစ်နိုင်မယ် ထင်တယ်” ဟု ကျွန်တော်က ပြောပါသည်။ ဘာလို့ထင်တာလဲဟု ကိုဇော်ဌေးက မေးသောအခါ အထက်မှာ ရေးခဲ့တဲ့အတိုင်း ကိုဇော်ဌေးကို ကျွန်တော် ပြန်ပြောပြသည်။
ဤတွင် ကိုဇော်ဌေးက ပြောပြသည်။
“ဆရာ ထင်တာ ဖြစ်နိုင်ပါတယ်။ ၂၀၁၆ မှာ အစိုးရ ဖွဲ့မယ်ဆိုတဲ့အခါ၊ ဦးသိန်းစိန်ကို သမ္မတအဖြစ် ဆောင်ရွက်ဖို့ ဒေါ်စုက ကမ်းလှမ်းဖူးတယ်။”
သည်အခါ အနည်းငယ် အံ့အားသင့်သွားရသူမှာ ကျွန်တော် ဖြစ်သည်။ အဲသည်လောက်အထိ သွားလိမ့်မည်ဟု ကျွန်တော် ထင်မထားပါ။ ဇော်ကြီးကလည်း ဒီအကြောင်းကို မပြောဖူးပါ။ ကိုဇော်ဌေးက ဆက်ပြောပြသည်။
ဒေါ်စု ၏ ကမ်းလှမ်းချက်ကို ဦးသိန်းစိန်က လက်မခံပါ။ ဒီမိုကရေစီ အလေ့အကျင့်နဲ့ အတွေ့အကြုံ ရအောင် အင်န်အယ်ဒီကပဲ သမ္မတ လုပ်ပါဟု ဦးသိန်းစိန်က ပြောသည်ဟု ဆိုပါသည်။ ထိုအခါ အစိုးရ ဝန်ကြီးတွေကို အဆိုပြုဖို့ ဒေါ်စုက ဦးသိန်းစိန်ကို ကမ်းလှမ်းပြန်ပါသည်။ သည်အခါမှာလည်း အတွေ့အကြုံရအောင် လုပ်ကြပါဟု ဦးသိန်းစိန်က တိုက်တွန်းသည်ဟု ကိုဇော်ဌေးက ပြောပါသည်။
ကမ်းလှမ်းချက်ကို လက်ခံလိမ့်မည်ဟု အင်န်အယ်ဒီ ခေါင်းဆောင်ပိုင်းက ယုံကြည်ခဲ့ကြပုံရပါသည်။ ၂၀၂၀ ရွေးကောက်ပွဲပြီးတော့ အင်တာဗျူးတစ်ခုမှာ ၂၀၁၅ တုန်းက အစိုးရဖွဲ့ဖို့ ကျွန်တော်တို့ ကောင်းကောင်း မပြင်ဆင်နိုင်ခဲ့ဘူး။ ခု ပြင်ဆင်နေပါတယ်ဟု ဇော်ကြီး ဖြေခဲ့သော အဖြေက ဒါကြောင့်ကိုးဟု အခု ပြန်မြင်နိုင်ကြပါလိမ့်မည်။ ထို နိုင်ငံရေး ကမ်းလှမ်းချက်မှာ အကဲဆတ်သော ကမ်းလှမ်းချက်ဖြစ်ရာ အင်န်အယ်ဒီ၏ စီအီးစီ တခုလုံး သိပုံမရဘဲ၊ ဒေါ်စု၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် ၄ ဦးတည်းနှင့် ဆုံးဖြတ် လုပ်ဆောင်သွားပုံရပါသည်။
သို့သော် ဒေါ်စုကို ဦးသိန်းစိန် မပြောခဲ့သော အကြောင်းတော့ ရှိနိုင်သည်ဟု ကိုဇော်ဌေးက ထင်ပါသည်။ ယင်းမှာ အခြားမဟုတ်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ စိန်ခေါ်ချက် အများကြီး ရှိနေပါသည်။ ဘိုးဘိုးအောင် မတဲ့ကိန်း တချီတမောင်းတည်း မပြောနှင့် နှစ်အတော်ကြာသည်အထိ မဆိုက်နိုင်ပါ။ ဦးသိန်းစိန်က အစိုးရ ဖြစ်ပြီး၊ အင်န်အယ်ဒီက လွှတ်တော်မှာ ရှိနေသောအခါ အစိုးရ ကြုံတွေ့ရမည့် အခက်အခဲ အားလုံးအတွက် ဦးသိန်းစိန်က ပြည်သူ့အမြင်မှာ တရားခံဖြစ်ရမှာကို စိုးရိမ်ဟန်တူသည်ဟု ကိုဇော်ဌေးက ထင်ပါသည်။ ဦးသိန်းစိန် ဖွင့်ပေးလိုက်ပြီး ပေါ်လာခဲ့သော လူမှု မီဒီယာခေတ်မှာ သူ့အပေါ် အကောင်းမထင်ကြဘဲ၊ ရိုင်းရိုင်းစိုင်းစိုင်း သုံးနှုန်း ဝေဖန်ကြသည်များကိုလည်း ဦးသိန်းစိန်သာမက သူ့မိသားစုပါ ခံစားကြရသည်ဟု ကိုဇော်ဌေးက ပြောပါသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဖြစ်ချင်တာလားဟု ကျွန်တော်က မေးသောအခါ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖြစ်ပုံအကြောင်းကို ပြန်ပြောပြပါသည်။ သဘောတူညီချက် အားလုံးရပြီးသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်မထိုးသေးပါ။ ဦးသိန်းစိန်က သူ ရွေးကောက်ပွဲ မဝင်တော့ကြောင်း ကြေညာလိုက်ပြီး၊ ခင်ဗျားပဲ ဆက်လုပ်ရမှာဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောမှ လက်မှတ်ရေးထိုးသည်ဟု ကိုဇော်ဌေးက ဆိုပါသည်။
မည်သို့ဆိုစေ၊ အင်န်အယ်ဒီ ခေါင်းဆောင်များ၏ ပျော့ပျောင်းမှုကို ကိုဇော်ဌေး ယုံကြည်ကြောင်းတော့ ကျွန်တော် အခိုင်အမာ ပြောနိုင်ပါသည်။ ထိုစဉ်က ကိုဇော်ဌေးမှာ အများထင်ကြသလို သမ္မတ ဦးသိန်းစိန် သို့မဟုတ် အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူမဟုတ်ပါ။ ဦးရဲထွဋ်ကသာ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပါသည်။ ကိုဇော်ဌေးမှာ ဦးသိန်းစိန် ရုံးက ညွှန်ကြားရေးမှူး တဦးသာ ဖြစ်ပါ၏။ သို့သော် ဦးသိန်းစိန်က သူ့ကို အထူးတာဝန် တရပ်ပေးထားပါသည်။ လူထုကြား ပြောနေသောစကားများ၊ လူမှုမီဒီယာပေါ်က စကားများ၊ အစိုးရမဟုတ်သော အဖွဲ့များပြောသော စကားများ၊ သတင်းမီဒီယာ လောကတွင် ပြောကြသောစကားများကို ဦးသိန်းစိန်ကို တင်ပြရသော တာဝန်ဖြစ်ပါသည်။ တနည်းပြောသော် ကိုဇော်ဌေးမှာ ဦးသိန်းစိန်၏ "နား" ဖြစ်ပါသည်။ ယင်းကို အကြောင်းပြုပြီး၊ ကိုဇော်ဌေးသည် သူကြားသမျှ သတင်းနှင့်တွဲပြီး အိုင်ဒီယာများကိုလည်း ဦးသိန်းစိန်ကို တင်ပြပါသည်။ ယင်း အိုင်ဒီယာများ အနက်မှ တခုမှာ တပ်မတော် ခေါင်းဆောင်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကြား မြန်မာ့ အနာဂတ်အတွက် ညှိုနှိုင်းဆွေးနွေးခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် MPC ဟု အင်္ဂလိပ်လို အတိုသိကြသော မြန်မာ့ငြိမ်းချမ်းရေးစင်တာက အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးနေပြီး ဦးအောင်မင်းက ဦးဆောင်ပါသည်။ သို့သော် မြန်မာ့ အနာဂတ်တွင် တပ်မတော်နှင့် အင်န်အယ်ဒီ ညှိုနှိုင်းဆွေးနွေးရေးမှာ အဓိက ကျသော ကိစ္စတစ်ခုဖြစ်ပြီး၊ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စများနှင့် မဆိုင် သီးခြား ဆွေးနွေးရမည့်ကိစ္စဟု ကျွန်တော်နှင့် ကိုဇော်ဌေးတို့က သူ ညည ထိုင်သော စင်န်တီနိုတွင်လည်းကောင်း၊ မနက်ထိုင်ကြသော ဝိုင်ကေကေအိုတွင်လည်းကောင်း ပြောဆို သဘောတူမျှကြပါသည်။ ဘယ်လိုလုပ်မလဲဟု စဉ်းစားကြသောအခါ၊ အလုပ်အဖွဲ့လေး တဖွဲ့ဖွဲ့စည်း လုပ်ဆောင်ဖို့ စိတ်ကူးပေါ်ကြပါသည်။ အလုပ်အဖွဲ့တွင် ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင် တို့လိုခေါင်းဆောင်နှင့် တပ်ဘက်ကလည်း အလားတူ အဆင့် ခေါင်းဆောင် တစ်ဘက် ၂ ဦး သို့မဟုတ် ၃ ဦးပါကြပြီး၊ ကြား ညှိုနှိုင်း အဖြေရှာပေးနိုင်မည့် ပုဂ္ဂိုလ်တစ်ဦးဖြင့် အဖွဲ့ဝင် ၅ ယောက် သို့မဟုတ် ၇ ယောက်ပါသော အလုပ်အဖွဲ့ ဖွဲ့ကြဖို့ ဖြစ်ပါသည်။ ကြားက ညှိုနှိုင်း အဖြေ အဆိုပြုမည့် ပုဂ္ဂိုလ် ၏နောက်မှာ အထောက်အကူပြု ပညာရှင်အနည်းငယ်ဖြင့် အဖွဲ့တဖွဲ့ထားဖို့ ဖြစ်ပါသည်။ အတော်သဘောတူညီချက်ရပြီး ဆက်လက်ဆွေးနွေးရန် အချက်တချို့ ကျန်တော့မှသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြရန်ဖြစ်ပါသည်။ ယင်း စိတ်ကူးကို ကျွန်တော်က ဇော်ကြီးကို ပြောပြတော့ ဖြစ်လာရင် ကောင်းတာပေါ့ကွာ ဟု ပြောပါသည်။ ဇော်ကြီး သဘောတူတော့ကိုဇော်ဌေးက ယင်းစိတ်ကူးကို စာကြမ်းရေးဖို့ ကျွန်တော့်အား ပြောသောကြောင့် ရေးပြီး ဇော်ကြီးကိုပြ၊ သူက သဘောတူတော့ ကိုဇော်ဌေး လက်ထဲ ထည့်လိုက်ပါသည်။ ကိုဇော်ဌေးက ရုံးသဘောထပ်မံပြင်ဆင် တင်ပြပါသည်။ သို့သော် ကျွန်တော်တို့ ဘာမှ ပြန်မကြားရပါ။ လအနည်းငယ်ကြာသည့်အထိ ဘာမှ မကြားရပါ။
တမနက်ခင်း ဝိုင်ကေကေအိုမှာ ထုံးစံအတိုင်း လက်ဖက်ရည်သောက်ဖို့ ကိုဇော်ဌေးနှင့် ကျွန်တော် ဆုံကြပါသည်။ ထိုင်ပြီး သိပ်မကြာမီမှာပင် ကိုဇော်ဌေးက ကျွန်တော့်ကို ပြောသည်။
“ကျနော်တို့ working group idea (အလုပ်အဖွဲ့စိတ်ကူး) ကို နေ့လယ် အစည်းအဝေးမှာ အစ်မ ပြောပေးနိုင်မလားမသိဘူး”ဟု သူက ပြောသည်။ “ကိုဇော်ဌေးက ကျွန်တော့်ကို မေးပေးစေချင်တာလား”ဟု သူ့ကို ကျွန်တော် ပြန်မေးသည်။ “ဟုတ်” ဟု သူက ဆိုတော့ ဇော်ကြီးကို ကျွန်တော် ဖုန်းခေါ်လိုက်ပါသည်။ ဇော်ကြီး ဖုန်းကိုင်သည်။ မင်း ဘာလုပ်နေတာလဲ မေးတော့ လွှတ်တော်တက်ဖို့ ဘတ်စ်ကားဆီ သွားနေသည်ဟု ဆို၏။
“ဇော်ကြီး ငါ .. ကိုဇော်ဌေးနဲ့ ထိုင်နေတယ်။ ခု ဖုန်းစပီကာလည်း ဖွင့်ထားတယ်။ တို့ working group ကိစ္စ အစ်မများ နေ့လယ် အစည်းအဝေးမှာ ပြောပေးနိုင်မလားလို့ ကိုဇော်ဌေးက မေးတယ်။”
“အေး ပြောလိုက်မယ်လေ” ဟု သူက ပြန်ပြောပါသည်။
ထိုနေ့လယ် ၂ နာရီ အစည်းအဝေးဆိုသည်မှာ ၆ ပွင့်ဆိုင် အစည်းအဝေး ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားအမတ်များ ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ အစည်းအဝေး ဖြစ်ပါသည်။
ထိုနေ့ ညနေတွင် ကျွန်တော် လေယာဉ်ဖြင့် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာပါသည်။ ည ၈ နာရီလောက်မှာ ဖုန်းမြည်လာသည်။ ကိုဇော်ဌေးထံမှ ဖြစ်သည်။ “ဆရာရေ .. အစ်မက ပြောပေးတယ်ဗျာ” ဟု ကိုဇော်ဌေးက ဝမ်းသာအားရ ပြောပါသည်။ သူ့အသံမှာ စိတ်လှုပ်ရှားမှုများ၊ ဝမ်းသာမှုများဖြင့် လှိုင်းခတ်နေသည်ဟု ကျွန်တော် ထင်၏။ သို့သော် ဘာမှ မဖြစ်ခဲ့ပါ။
၂၀၁၆ တွင် အန်အယ်လ်ဒီ ခေါင်းဆောင်များနှင့် တပ်မတော် ခေါင်းဆောင်များ တွေ့ကြသည့် သတင်းကို ကျွန်တော်တို့ အစိုးရ ရုပ်မြင်သံကြားတွင် ကြည့်ကြရပါ၏။ အင်န်အယ်ဒီဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ သွားကြသည်ကို ကျွန်တော် မှတ်မိသည်။ တပ်ဘက်ကလည်း ဗိုလ်ချုပ်ကြီး ၄ ယောက် တက်ပါသည်။ ထိုစဉ်က အဝင်မှာ ထင်သည်၊ ဦးဝင်းထိန်ကဲ့သို့ ဇော်ကြီးက ဗိုလ်ချုပ်ကြီးများကို စလုရိုက်သဖြင့် ဝေဖန်ကြသူများ ရှိခဲ့ပါသည်။ ထိုတွေ့ဆုံပွဲအပြင် နောက်ထပ် တွေ့ဆုံသည်များ မကြားကြရပါ။ ယင်းတွေ့ဆုံပွဲမှာ ဘာတွေ ပြောကြသည် ကိုဇော်ဌေး မသိသလို၊ ကျွန်တော်လည်း မသိပါ။
၁၉၉၀ နောက်ပိုင်းကတည်းက အင်န်အယ်ဒီက တပ်နှင့် ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့သော်လည်း ဆွေးနွေးခွင့် ရခဲ့သည်ဟု ကျွန်တော် မကြားဖူးပါ။ ၂၀၂၁ အာဏာ မသိမ်းမီရက်ပိုင်းအတွင်း အင်န်အယ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူး အဖွဲ့ဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် စာတို စကားပြောဖြစ်ပါသည်။ မဲခိုးသည် ဟူသော စစ်တပ်၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး၊ အာဆီယံ၏ သီးခြားလွတ်လပ်သော အဖွဲ့က စစ်ဆေးရင်ကော လက်ခံနိုင်မလားဟု မေးကြည့်ရာ ကျွန်တော်တို့ဘက်က ပြဿနာမရှိပါဟု သူ့သဘောထားကို ပြောပါသည်။ ဦးကျော်တင့်ဆွေ၊ ဦးဇော်ဌေးတို့ သွားဆွေးနွေးသည်ဟု သတင်းများမှာ ဖတ်ရပါသည်။ နောက်ပိုင်း ရိုက်တာသတင်းမှာတော့ တပ်က အဆိုပြုသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်ဖွဲ့ဖို့ စစ်တပ်က တောင်းဆိုကြောင်း သိရပါသည်။ သုံးရက်စာ အဝတ်အစား ယူသွားသော ဇော်ကြီးမှာ တရက်နှင့် မန္တလေး ပြန်ခဲ့ရပါသည်။ ကိုဇော်ဌေးနှင့် အဲဒီကာလကတည်းက ဆက်သွယ်လို့ မရတော့သလို၊ ဇော်ကြီးနှင့်လည်း အဆက်အသွယ် ပြတ်သွားခဲ့ပါတော့သည်။
ယခုတော့ ဇော်ကြီးရော၊ ကိုဇော်ဌေးရော မရှိကြတော့ပါ။ မကြာခဏဆိုသလိုပင်၊ တပ်ဘက်နှင့် ဆက်စပ်နေသောသူများက ဇော်ကြီးကို တင်းမာသောသူဟု စွပ်စွဲကြပါသည်။ ကျွန်တော် ပါဝင်၊ သိရှိခဲ့သော ဇာတ်ကွက်တစ်ခန်း နှစ်ခန်းမှာတော့ မြန်မာပြည်သူတို့၏ အနာဂတ် သာယာ ချောမွေ့စေလိုသောကြောင့် ဇော်ကြီးတို့ဘက်က ကမ်းလှမ်းခဲ့သည်ချည်း ဖြစ်ပါသည်။ ရင်ကြားစေ့ဖို့ ကြိုးစားခဲ့သည်ချည်း ဖြစ်ပါသည်။ ဇော်ကြီးကို သတိရရင်း ကျွန်တော် သိသမျှ ပြောပြဖို့ တာဝန်ရှိသည်ဟု ယူဆသောကြောင့် ဤအတွေ့အကြုံများကို ကြေကွဲစွာ ကျွန်တော် ရေးပါသည်။
ကျွန်တော့်သူငယ်ချင်းမှာ မူရှိသည်။ သို့သော် အမုန်း မရှိပါ။ ဘယ်လို လုပ်မည်လဲဟု မေးလျှင် သူ စွဲကိုင်မည့် မူကတော့ ပြည်သူမနာရေးပဲ ဖြစ်ပါလိမ့်မည်။ နေပျော်ရယ်မော၊ ချစ်ခြင်းပေါကြွယ်၊ တင့်တယ်ဘဝ၊ လှပသော နေ့ရက်များ နှစ်ဘက် စစ်သားများ အပါအဝင် မြန်မာပြည်သူများ အမြန်ဆုံးရရှိကြပါစေ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
တင်မောင်သန်း
ပထမ မူကြမ်း ည ၁ဝးဝ၅၊ အောက်တိုဘာ ၁၂၊ ၂ဝ၂၄
ပြန်လည်တည်းဖြတ် နိုဝင်ဘာ ၈၊ ၂ဝ၂၄
Reston, USA