Home
မြန်မာသတင်း
ဒုက္ခသည်များအား နေရပ်ပြန်မပို့ရေး ထိုင်းအစိုးရကို ဖိအားပေးရန် HRW တိုက်တွန်း
DVB
·
November 7, 2024

နေရပ်ပြန်ရင် ညှဉ်းပန်းနှိပ်စက်ခံရနိုင်တဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို နေရပ် ပြန်ပို့တာတွေ မပြုလုပ်ဖို့ ထိုင်းအစိုးရကို ကုလသမဂ္ဂအနေနဲ့ ဖိအားပေးသင့်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်းလိုက်ပါတယ်။

လတ်တလောမှာတော့ ထိုင်းနိုင်ငံဟာ အတိုက်အခံတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းဆိုင်ရာ မှတ် တမ်းတွေရှိတဲ့ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အပါအဝင် တခြားနိုင်ငံတွေကို အတင်းအကျပ်ပြန်ပို့တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြားသော ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်တဲ့ ဆက်ဆံမှု ဒါမှမဟုတ် ပြစ်ဒဏ်ခတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂရဲ့ ကွန်ဗင်းရှင်းကို ချိုးဖောက်နေတယ်လို့လည်း ဆိုပါတယ်။ 

အဆိုပါ ကွန်ဗင်းရှင်းအရ အစိုးရတွေအနေနဲ့ ဘယ်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေရှိတဲ့ နိုင်ငံတွေဆီ ပြန်ပို့ခြင်းကနေ တားမြစ်ထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး ကော်မတီအနေနဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက် မှတ်တမ်းကို ပြန်လည်သုံးသပ်ဖို့ ခုသီတင်းပတ်ထဲမှာ တွေ့ဆုံသွားဖို့ရှိနေသလို တခြားသော ကိစ္စရပ်တွေမှာလည်း ထိုင်းအစိုးရဲ့ ဥပဒေပါဝတ္တရားတွေကို ဖောက်ဖျက်ကျူးလွန်နေတာတွေကို ဖိအားပေးသင့်တယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။

HRW အဖွဲ့ရဲ့ မေလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်ပြီး အကာအကွယ်ပေးဖို့ တောင်းဆိုနေသူတွေကို ဥပဒေနဲ့မညီတဲ့ အရေးယူမှုတွေ လုပ်ခြင်းအားဖြင့် တခြားနိုင်ငံတွေကို ကူညီခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပြီး ရလဒ်အနေနဲ့ ထိုင်းနိုင်ငံဟာ လူ့အခွင့်အရေးကာကွယ်သူတွေ၊ အတိုက်အခံတွေနဲ့ နှိပ်စက်ညှဉ်းပန်းခံရမှုကနေ ထွက်ပြေးလာကြရတဲ့ လူနည်းစုအသိုင်းအဝန်းတွေအတွက် လုံခြုံမှုမရှိ ဖြစ်လာနေတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးကော်မတီအနေနဲ့ ထိုင်းနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် ကွန်ဗင်းရှင်း အစီရင်ခံစာအောက်က သူတို့ရဲ့ ကတိကဝတ်တွေကို သတိပေးသင့်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပဋိပက္ခကနေ တိမ်းရှောင်လာသူတွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းသင့်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် ကော်မတီဟာ ထိုင်းအစိုးရကို ဒုက္ခသည်တွေ အကာအကွယ်ပေးရေး လုပ်ဆောင်ချက်တွေမှာ ဥပဒေကို လိုက်နာမှု ရှိ၊ မရှိ မေးခွန်းထုတ်သင့်ပြီး သူတို့ရဲ့ ဖြေကြားချက်တွေက အရေးပါတဲ့အကြောင်းလည်း HRW အဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလူငယ်လူရွယ်တွေကို  ထိုင်းအစိုးရက နေရပ်ပြန်ပို့ရာမှာ စစ်ကောင်စီလက်ထဲရောက်သွားပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရမှုတွေလည်း ရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းကာလဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။ 

ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေဟာ ၃ သန်းကျော်ထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောထားသလို လက်ရှိမှာတော့ အသက်အန္တရာယ်နဲ့  ညှဉ်းပန်းနှိပ်စက်ခံရနိုင် ချေရှိတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ထွက်ပြေးခိုလှုံနေရသူတွေဟာလည်း သိန်းနဲ့ချီ မြင့်တက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013