စစ်ကောင်စီအာဏာသိမ်းထားတဲ့ကာလ ရန်ကုန်မြို့မှာ တန်ဆောင်တိုင်ပွဲတော်တွေဟာ အရင်တုန်းကလောက် စည်ကားမှုမရှိတဲ့အတွက် အုပ်ချုပ်ရေးမှူးတွေက ကထိန်ခင်းကြဖို့နဲ့ တန်ဆောင်တိုင်ပွဲတော် ကျင်းပကြဖို့ အတင်းအကျပ်စေခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက လာမယ့် တန်ဆောင်တိုင်ပွဲတော်ရက်မှာ စည်ကားစေဖို့အတွက် ဖိအားပေးနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကလည်း ကယ်ရီဂိတ်တွေမှာ ကထိန်ခင်းဖို့ အတင်းကျပ် စေခိုင်းနေတယ်လို့ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။
“တန်ဆောင်တိုင်ပွဲတော်အတွက်ဆိုပြီး ရန်ကုန်ပြည်သူ့ရင်ပြင်မှာတော့ မီးတွေ ထိန်ထိန်လင်းနေအောင် ထွန်းထားတာတော့ တွေ့ရပါတယ်၊ လူတွေတော့ သိပ်မတွေ့ရဘူး။ တချို့မြို့နယ်တွေမှာဆိုရင် ကယ်ရီဂိတ်တွေမှာဆို သူတို့တွေ မဖြစ်မနေ ကထိန်ခင်းခိုင်းတာမျိုးတွေ လုပ်ပါတယ်။ ဖိအားပေးပြီး ပြောဆိုတာမျိုးတွေ တွေ့ရပါတယ်။ တဖြည်းဖြည်းနဲ့ ဒီဘက်မှာတော့ စည်ကားတယ်ဆိုတာမရှိတော့ဘူး။ လူတွေကလည်း အပြင်သိပ်မထွက်ရဲကြတော့ဘူး။ ည ၈ နာရီဆိုရင်အပြင်မှာ လူတွေ သိပ်မရှိကြတော့ဘူး။ တမင်သက်သက်ကို လူစည်အောင်လို့ ပွဲဈေးတွေလိုမျိုး လုပ်ထားပေမဲ့ တော်ရုံလူတွေက အဲဒီကိုလည်း မသွားကြဘူး၊ ကြဲသွားတယ်ပေါ့နော်။”
တောင်ဒဂုံမြို့နယ်မှာလည်း မဖြစ်မနေ ကထိန်ခင်းရမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားပြီး လမ်းစုံလမ်းခွနဲ့ ကယ်ရီဂိတ်တွေမှာ အလှူခံမဏ္ဍပ်တွေဆောက်ကာ အသံချဲ့စက်တွေဖွင့်ပြီး အလှူခံနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တချို့မြို့ခံတွေကတော့ စစ်ကောင်စီကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော်ကို မဆင်နွှဲလိုတဲ့အတွက် ခရီးထွက်တာ၊ အပန်းဖြေအနားယူတာတွေပဲ လုပ်ဆောင်ကြပါတယ်။
နှစ်စဉ်ပွဲတော်ရက်တွေမှာ မိသားစုတွေ စုံစုံညီညီနဲ့ ခရီးထွက်တာတွေ၊ ပွဲတော်မှာ ပါဝင်ဆင်နွှဲတာတွေ လုပ်ဆောင်ကြပေမဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ် ဖမ်းဆီးမှုတွေကြောင့် မိသားစုတွေ မစုံကြတော့တဲ့အကြောင်းကို မြို့ခံတယောက်က ပြောပါတယ်။
“တန်ဆောင်ကာလမှာတော့အရင်တုန်းက မိသားစုတွေက ပျော်ပျော်ပါးပါးနဲ့ ခရီးတွေ စုထွက်ကြ အထူးသဖြင့် မေမြို့ပြင်ဦးလွင်ပေါ့။ ဒါပေမဲ့ အခုလို အာဏာသိမ်း သုံးနှစ်ကျော်အချိန်မှာကျတော့ ဘယ်လိုတွေ ဖြစ်လဲဆိုတော့၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာတွေရော မိသားစုတွေ မစုံမလင်ဖြစ်လာတာတွေရော၊ သွားရေး လာရေး လုံခြုံရေးအခြေအနေ စိတ်မချရတာတွေကြောင့်ရော၊ မိသားစုလိုက် ခရီးထွက်တာ သိပ်မတွေ့ရတော့ဘူး။ ကျနော်တို့ ပတ်ဝန်းကျင်မှာဆိုလည်း မိသားစု မစုံလင်တာတွေ အများကြီးတွေ့ရတယ်လေ။ တော်လှန်ရေး ကာလမှာ အသက်ပေးသွားတဲ့ကလေးတွေရော၊ ထောင်ကျတဲ့သူကထောင်ကျ သူတို့မိသားစု တွေလို မိသားစုဝင်တွေ ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေအတွက်ကတော့ တော်လှန်ရေးမြန်မြန်အောင်မှ အကြမ်းဖက် စစ်တပ်ကြီး မြန်မြန်ကျဆုံးမှပဲ သူတို့အတွက် တာဝန်ကျေမယ်လို့ ထင်မိပါတယ်။”
စစ်ကောင်စီကတော့ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ ပြောဆိုထားပြီး တောင်ကြီးတန်ဆောင်တိုင်အတွက် ခရီးသွားတွေနဲ့ ဟိုတယ်ဘိုကင်တွေ ၈၀ ရာခိုင်နှုန်းထိ ပြည့်နေပြီလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် တန်ဆောင်တိုင်ပွဲတော်ရက်တွေမှာ ရန်ကုန်- ပုသိမ်၊ ရန်ကုန်-ညောင်ဦး လေယာဉ်ခရီးစဉ် တွေကို စစ်ကောင်စီလက်အောက်ခံ လေကြောင်းလိုင်းတွေကနေ အပတ်စဉ် ပြေးဆွဲပေးသွားမယ်လို့ ကြေညာနေပါတယ်။
ဝေဝေ