မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် မန္တလေးတိုင်းအတွင်း ဗုဒ္ဓဆင်းတုတော်တွေ ထုလုပ်တဲ့ ကျောက်ဆစ်လုပ်ငန်းတွေဟာ စကျင်ကျောက်ကုန်ကြမ်း ရရှိဖို့ အခက်တွေ့လာတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
အခုလက်ရှိမှာ တိုက်ပွဲတွေကြောင့် စကျင်ကျောက် အကြမ်းထည်တွေကို တနေရာကနေ တနေရာ သယ်ဆောင်နိုင်ဖို့က စရိတ်စကကြီးမားပြီး ခက်ခဲ အန္တရာယ်များလွန်းတဲ့ တာဝန်ကြီးတခုလို ဖြစ်လာနေတယ်လို့ စကျင်ကျောက် ဗုဒ္ဓဆင်းတုတော်တွေကို ဆယ်စုနှစ်များစွာကြာ သွန်းထုခဲ့တဲ့ မန္တလေးမြို့က ကျောက်ဆစ်ပန်းပုဆရာ ကိုအောင်နိုင်လင်းက ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှုကြောင့် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကိုးကွယ်မှု အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံဟာ သွေးမြေကျရတဲ့ ပဋိပက္ခနွံတွင်းမှာ နစ်မွန်းခဲ့ရပြီး ၁၀ နှစ်ကြာ ပွင့်လန်းခဲ့တဲ့ ဒီမိုကရေစီပန်းဟာလည်း ညှိးနွမ်းခဲ့ရသလို လက်နက်ကိုင် ခုခံတွန်းလှန်မှုတွေ နိုင်ငံတဝန်း ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင် လတွေအတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လူဦးရေ ၁ သန်းခွဲလောက် နေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ပေါ်အထိ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါ တယ်။
မန္တလေးမြို့အနီးမှာရှိတဲ့ စကျင်ကျောက်ကျင်းတွေ တည်ရှိရာ မတ္တရာမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သိမ်းပိုက်ထားတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားရာနေရာကနေ စစ်ကောင်စီထိန်းချုပ် ထားရာနေရာကို အဖိုးတန် စကျင်ကျောက်တွေ သယ်ယူနိုင်ဖို့ဆိုတာဟာ ခက်ခဲပြီး အန္တရာယ်များလာခဲ့တာ ဖြစ်ပါတယ်။
“မတ္တရာမြို့နယ်ဝန်းကျင် နယ်မြေအခြေအနေက မအေးချမ်းတော့ သွားဖို့လည်း မလွယ်သလို ကျောက်တွေကို သယ်လာနိုင်ဖို့ဆိုတာလည်း မလွယ်ဘူး” လို့ ကိုအောင်နိုင်လင်းက AFP သတင်းဌာနကို ပြောပါတယ်။
“ရောင်းအားက ပါးနေတယ်ဆိုပေမဲ့ ကုန်ကြမ်းရဖို့ ခက်နေတာက ကျောက်ဆစ်လုပ်ငန်း လက်မှုပညာရှင်တွေအတွက် အဓိက စိန်ခေါ်မှုလို ဖြစ်နေတာပါ။ အခုတော့ ရှိနှင့်ပြီးသား အကြမ်းထည်တွေကိုပဲ ထုဆစ် ရောင်းချနေရတယ်” လို့ သူက ဆက်ပြီး ပြောပါတယ်။
ဘိုးဘေးဘီဘင် လက်ထက်တုန်းကတော့ ကျောက်ဆစ်ဆူးတွေ၊ ဆောက်တွေကို အသုံးပြု လုပ်ကိုင်ကြပေမဲ့ ဒီကနေ့ ခေတ်မှာတော့ ပန်းပုဆရာတွေဟာ ဗုဒ္ဓရဲ့ မျက်နှာတော်ကနေ ဝတ်ရုံတော်၊ လက်သည်းတော်နဲ့ ကြာပန်းပုံ ပလ္လင်တော်အထိ လွန်ပူတွေကို အသုံးပြု ပုံဖော် ထုဆစ်လာကြတယ်လို့ ဆိုပါတယ်။
ဉာဏ်တော် ၁၀ လက်မရှိတဲ့ ကော်ဖတ်စားပြီးသား အချောထည် ရုပ်ပွားတော်တဆူကို မြန်မာငွေ ကျပ် ၁ သိန်းနဲ့ ၂ သိန်း အကြား ဈေးရှိတယ်လို့ ကျောက်ဆစ်ပန်းပုဆရာ ကိုမင်းမင်းစိုးက ပြောပါတယ်။
ကိုမင်းမင်းစိုးက “ဒီဗုဒ္ဓရုပ်ပွားတော်တွေကို သက်ရှိဘုရားလို ကြည်ညိုအောက်မေ့ပြီး နေ့တိုင်း မနက် ၄ နာရီဆို သန့်ရှင်းရေး လုပ်ပါတယ်။ ရောင်းရတာ မရောင်းရတာထက် ရုပ်ပွားတော်တွေ သန့်ရှင်း သပ္ပါယ်နေအောင်လို့ပါ။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုသလိုပေါ့ဗျာ” လို့ ပြောပါတယ်။
နောက်ပြီး မန္တလေးမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ မရောင်းရသေးတဲ့ သူ့ရဲ့ ကျောက်ဆစ်အနုပညာ ဖန်တီးမှုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရဦးမယ်ဆိုတဲ့ အသိက သူ့ရဲ့ စိတ်ကို အေးချမ်းမှု ရစေတယ်လို့လည်း ကိုမင်းမင်းစိုးက ပြောပါတယ်။
PDF တွေ ထိန်းချုပ်ထားတဲ့ မတ္တရာကနေ စကျင်ကျောက်တွေကို သင်္ဘောနဲ့ သယ်ဆောင်လာချိန်မှာ စစ်တပ် စစ်ကြောင်းတခုရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို မကြာသေးခင်က ခံခဲ့ရပြီး ကျောက်တုံးတွေ သူတို့လက်ထဲ အပ်ပြီးချိန်မှ ပြန်လွတ်လာခဲ့တဲ့အကြောင်း၊ ဒီလိုအခြေအနေမျိုးမှာ ကျောက်တွေကို နောက်ထပ်လည်း သွားမသယ်ရဲတော့ကြောင်း မန္တလေးက တခြား ကျောက်ဆစ်လုပ်ငန်း အလုပ်ရုံပိုင်ရှင်ကလည်း ပြောပါတယ်။
မတ္တရာကျောက်ကျင်းတွေဟာ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေးသမိုင်းကြောင်းနဲ့ ခွဲခြားလို့မရအောင် ကာလကြာ ဆက်နွှယ်လာခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှနဲ့ စစ်ကြီး ၂ ကြိမ် ဖြစ်ပွားပြီးတဲ့နောက် ၁၈၆၀ ပြည့်လွန်နှစ် အစောပိုင်း ကာလမှာ မင်းတုန်းမင်းဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ပိဋကတ်စာပေတွေ ရေရှည်တည်တံ့စေဖို့အတွက် ပေစာကနေ ကျောက်ထက် အက္ခရာတင်သွားဖို့ မန္တလေး ရတနာပုံနေပြည်တော်မှာရှိတဲ့ လက်မှုပညာရှင်တွေကို တာဝန်ပေးအပ်ခဲ့ပြီး စကျင်ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ပါရှိတဲ့ စေတီပေါင်း ၇၂၉ ဆူကို မဟာလောကမာရဇိန်ဘွဲ့အမည်ရ ကုသိုလ်တော်ဘုရားမှာ တည်ထား ကိုးကွယ်ခဲ့ပါတယ်။
နောက်ပြီး မန္တလေးနန်းတော်မှာလည်း စကျင်ကျောက်နဲ့ သွန်းထုထားတဲ့ ကျောက်ဆစ် အနုပညာလက်ရာတွေနဲ့ တန်ဆာဆင်ထားတာတွေ ရှိသလို ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေအိမ်တွေမှာရှိတဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဆောင်တွေမှာလည်း စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်တွေကို တည်ထား ကိုးကွယ်ကြ ပါတယ်။
နေပြည်တော်မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်ထား ကိုးကွယ်ခဲ့တဲ့ ဉာဏ်တော် ၈၁ ပေ (၂၅ မီတာ) အမြင့်ရှိတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ဟာလည်း မတ္တရာက ထွက်ရှိတဲ့ စကျင်ကျောက်သားနဲ့ ထုဆစ် ပူဇော်ထားတာ ဖြစ်ပါတယ်။
Source: AFP