Home
ဆောင်းပါး
သူပုန်တွေရဲ့ အောင်ပွဲနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မလား (၂)
DVB
·
October 1, 2024
Design-DVB

ပြည်တွင်းစစ်တွေကို ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့နည်း (negotiated settlements) နဲ့ ရပ်တန့်ကြတာနဲ့ပတ်သက်ပြီး စောဒကတက်ကြတာတွေ ရှိပါတယ်။ အဲဒီထဲမှာ အားအကောင်းဆုံးက ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ စစ်ကို အဆုံးသတ်တာက တဘက်ဘက်က စစ်နိုင်တဲ့နည်းနဲ့ ထက်စာရင် လူအသေအပျောက် ပိုနည်းစေတယ်ဆိုတဲ့ စောဒကပါ။ တဘက်နဲ့တဘက် ညှိနှိုင်းဆွေးနွေးမှုမရှိရင် ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုများလာပြီး ပဋိပက္ခပိုပြင်းထန်လာမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

ဒီစောဒကမှာ ပြဿနာ ၂ ခုရှိနေတယ်လို့ ပရော်ဖက်ဆာ Monica Duffy Toft က ထောက်ပြထားပါတယ်။ ပထမပြဿနာကတော့ ညှိနှိုင်းဆွေးနွေးလို့ အသေအပျောက် နည်းသွားတာတော့ ဟုတ်ပါရဲ့၊ စစ်ပွဲပြီးဆုံးသွားလို့ အစိုးရသစ်တရပ် ပေါ်လာတဲ့အချိန်မှာ အာဏာခွဲဝေမပေးချင်ကြတဲ့ ပြဿနာ ဖြစ်ပါတယ်။ စစ်ရပ်ဆိုင်းတာကို အခွင့်ကောင်းယူပြီး အင်အားဖြည့်တင်းတာ၊ လက်နက်တပ်ဆင်တာတွေ လုပ်လာကြတဲ့အတွက် ရေရှည်မှာ အသေအပျောက် ပိုများလာမယ့် အလားအလာတောင် ရှိနိုင်ပါတယ်။

ဒုတိယပြဿနာကတော့ လူ့အသက်တွေကို အရေးအကြီးဆုံးတန်ဖိုးတခုအနေနဲ့ အဓိကထားပြီး စဉ်းစားတာကတော့ ကောင်းပါရဲ့။ သို့ပေမဲ့ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမရှိတဲ့ စနစ်ဆိုးကြီးထဲမှာ နှစ်ပေါင်းများစွာပိတ်မိနေမလား ဆိုတဲ့ကိစ္စကို မစဉ်းစားဘဲ နေသင့်သလားလို့ ပရော်ဖက်ဆာ မော်နီကာက မေးခွန်းထုတ်ထားပါတယ်။

ပညာရှင်တချို့ သုံးသပ်ကြတာကတော့ စစ်ရှုံးသူတွေ ပြန်ပြီးခေါင်းထောင်နိုင်ဖို့ မလွယ်ဘူးဆိုတာက လက်နက်အင်အား လူအင်အား နည်းပါးသွားလို့ မဟုတ်ပါဘူးတဲ့။ အင်အားကောင်းပြီး တရားဝင်တဲ့အဖွဲ့အစည်းတခုခုက စစ်ပွဲရဲ့ အနိုင် အရှုံးကို အသိအမှတ်ပြုပေးနိုင်မယ်ဆိုရင်တော့ စစ်ရှုံးတဲ့ဘက်ကနေ အချိန်အတိုင်းအတာတခုထိ (သာလွန် အကြမ်းဖက်မှုတွေ ဥပမာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေနဲ့) ခုခံနေတာမျိုးကို တားဆီးနိုင်မှာ ဖြစ်တယ်။ စစ်ရှုံးလုနီးနီး ဖြစ်နေတဲ့ဘက်ကလည်း သူတို့လုံခြုံရေးကို အာမခံနိုင်မယ့် ပြည်ပက အဖွဲ့အစည်းတခုခုက ဝင်ရောက်စွက်ဖက်မှု ရှိမလာနိုင်ဘူးလို့ ယူဆရင် စောစောစီးစီး အရှုံးပေး လက်နက်ချနိုင်လာပြီး လူ့အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ကိန်းဂဏန်း အချက်အလက်တွေအရ ကြည့်မယ်ဆိုရင်တော့ တဘက်ဘက်က အောင်ပွဲရတဲ့နည်းတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်တာက ညှိနှိုင်းသဘောတူညီတဲ့နည်း (သို့မဟုတ်) အပစ်အခတ်ရပ်စဲတဲ့ နည်းတွေထက်စာရင် ရေရှည်မှာ စစ်ပွဲတွေ ပြန်ဖြစ်နိုင်မယ့် အလားအလာ ၂ ဆ နည်းပါးတယ်လို့ ဆိုပါတယ်။ ၁၉၄၀ ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း တကျော့ပြန် ပြည်တွင်းစစ်တွေကို လေ့လာထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် တဘက်ဘက်က အောင်ပွဲရတဲ့နည်းနဲ့ အဆုံးသတ်တဲ့ ပြည်တွင်းစစ်တွေမှာ တကျော့ပြန်စစ်ပွဲပြန်ဖြစ်တာ ၁၂ ရာနှုန်း၊ ညှိနှိုင်းအဆုံးသတ်စစ်ပွဲတွေကနေ တကျော့ပြန်ဖြစ်ပွားတာက ၂၂ ရာနှုန်းနဲ့ အပစ်အခတ်ရပ်စဲပြီး ပြန်စတဲ့ စစ်ပွဲတွေက ၃၁ ရာခိုင်နှုန်းရှိတယ်လို့ တွေ့ရပါတယ်။

ဒီထက်ပိုထူးခြားတာက သူပုန်တပ်တွေဘက်က အောင်ပွဲရတဲ့ စစ်ပွဲတွေက အစိုးရတပ်တွေ အောင်ပွဲရတဲ့ စစ်ပွဲတွေထက်ပိုပြီး တကျော့ပြန် စစ်ဖြစ်နိုင်ခြေနည်းတယ်လို့ မော်နီကာရဲ့ သုတေသနမှာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ဘယ်ဘက်က နိုင်သလဲဆိုတဲ့ ကိစ္စကလည်း အရေးပါ ပါတယ်။ တကျော့ပြန်စစ်ပွဲတွေရဲ့ ၁၇ ရာနှုန်းလောက်ဟာ အစိုးရတပ်တွေ အနိုင်ရတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး၊ သူပုန်တပ်တွေဘက်က အောင်ပွဲရတဲ့ စစ်ပွဲတွေမှာ ၆ ရာနှုန်းလောက်ကပဲ တကျော့ပြန်စစ်ပွဲ ပြန်ဖြစ်တယ်များတယ်လို့ ဆိုပါတယ်။

ခြုံငုံပြောရမယ်ဆိုရင်တော့ သုတေသနပြုလုပ်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေပေါ် မူတည်ပြီး ပရော်ဖက်ဆာမော်နီကာက ကောက်ချက်သုံးခုချခဲ့ပါတယ်။

၁။ အပေးအယူ ညှိနှိုင်းဖြေရှင်းတဲ့ပုံစံနဲ့ အဆုံးသတ်တဲ့ ပြည်တွင်းစစ်တွေကနေ တကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်ဖို့ အလားအလာများတယ်။ အကျိုးစီးပွားကို အခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုဆိုတာဟာ ဆိုးရွားတဲ့မူဝါဒသာ ဖြစ်ပြီးတော့  ယေဘုယျအားဖြင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူး။ တကျော့ပြန်စစ်ပွဲတွေကနေ ပဋိပက္ခတွေ ပိုတိုးမြင့်လာနိုင်တယ်။

၂။ အပေးအယူပုံစံမျိုးနဲ့ ညှိနှိုင်းဖြေရှင်းခြင်းကတဆင့်  ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ရာ ဖြစ်နိုင်ခြေနည်းတယ်။ အဲဒါထက်စာရင် ဒီမိုကရေစီလိုလားတဲ့ သူပုန်တွေ အောင်ပွဲရတာကမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ ပိုနီးစပ်နိုင်တယ်။

၃။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကလည်းပဲ စစ်ပွဲအဆုံးသတ်တဲ့ပုံစံနဲ့ သိပ်ဆက်နွှယ်မနေဘူး။

အဲဒီထဲက နံပါတ် ၂ အချက်ဖြစ်တဲ့ ဒီမိုကရေစီလိုလားတဲ့ သူပုန်တွေ အောင်ပွဲရမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့ ပိုနီးစပ်နိုင်တယ်ဆိုတဲ့ မော်နီကာရဲ့ သုံးသပ်ချက်မှာ သူပုန်တွေ အောင်ပွဲရစေချင်လို့ ထောက်ခံတာထက်စာရင် ထောက်ခံသူ တတိယအုပ်စုတွေအနေနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အာရုံစိုက်ပြီးတော့  ရေတိုရော ရေရှည်မှာပါ ရနိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေကို မြှင့်တင်ဖို့လိုတယ်လို့ သုံးသပ်ထားပါတယ်။

အကျိုးရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဘက်ပြောင်းခိုလှုံသူတွေ ထိခိုက်နစ်နာမှုမရှိအောင် အာမခံနိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ပြည်တွင်းစစ်အလွန်ကာလမှာ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ သာယာဝပြောမှုတွေရရှိလာနိုင်မယ့် အလားအလာကောင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ချုပ်ဆိုထားသမျှ အပစ်အခတ် ရပ်စဲရေးစာချုပ်တွေလည်း သဲထဲရေသွန်ဖြစ်ခဲ့ပါပြီ။ အပေးအယူ ညှိနှိုင်းဖြေရှင်းတဲ့ပုံစံနဲ့ အဆုံးသတ်တဲ့ ပြည်တွင်းစစ်တွေ၊ ယာယီအပစ်အခတ်ရပ်စဲရေးတွေဟာ ရေရှည်တည်တံ့တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အာမမခံနိုင်ဘူးဆိုတာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

လက်နက်ကိုင်သူပုန်တပ်ဖွဲ့ အတော်များများရဲ့ ဘုံရန်သူဟာ အာဏာရှင်စစ်အစိုးရနဲ့ သူ့ရဲ့ လက်ကိုင်တုတ်စစ်တပ် ဖြစ်နေတာကြောင့် အာဏာရှင်စနစ်ကို လက်သင့်မခံလိုတော့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စိတ်ဆန္ဒကို ထင်ထင်ရှားရှား မြင်ကြရပါတယ်။ သို့သော်လည်း သူပုန်တပ်ဖွဲ့တိုင်းရဲ့ ဘုံရည်မှန်းချက်ဟာ ဒီမိုကရေစီစနစ်လား၊ ဖက်ဒရယ်လား၊ နယ်မြေ၊ တိုင်းရင်းသားဝိသေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးက သူတို့ရဲ့ အန္တိမရည်မှန်းချက်လားဆိုတဲ့ကိစ္စက ရေရှည်မှာ အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်။

တဖက်မှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခတွေမှာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပေးမယ့် တတိယအုပ်စုအနေနဲ့ ပါဝင်လာတာကို တွေ့နေရပါတယ်။ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုဟာ မြန်မာနိုင်ငံအတွင်းမှာ ဒေါ်လာသန်းရာချီပြီး ရင်းနှီးမြုပ်နှံထားတဲ့ သူ့ရဲ့ အကျိုးစီးပွားကို အခြေခံတယ်ဆိုတာကတော့ အငြင်းပွားစရာမရှိပါဘူး။ တရုတ်အကျိုးစီးပွားကို အာမခံနိုင်တဲ့ ဘယ်အစိုးရနဲ့မဆို ဘယ်လက်နက်ကိုင်တပ်ဖွဲ့နဲ့မဆို တရုတ်အစိုးရက ပူးပေါင်းဆောင်ရွက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။

တရုတ်နိုင်ငံဟာ တတိယအုပ်စုအနေနဲ့ ကျင့်ဝတ်နဲ့မညီညွတ်တဲ့ နည်းလမ်းတွေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ ပါဝင်လာခြင်းဟာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာဦးမယ့် ပြည်တွင်းစစ်ကို ဖိတ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ သူပုန်တပ်တွေ အောင်ပွဲရသွားရင် အနောက်အုပ်စုဘက်ကို ယိမ်းသွားမယ်လို့ ယူဆတဲ့အတွက် ပထဝီနိုင်ငံရေးအရ အာဏာဟန်ချက်ပြန်ညှိဖို့ ကြိုးစားတာလို့ ယူဆလို့ ရပါတယ်။

အခုအချိန်မှာ အရေးတကြီး လိုအပ်နေတာက အင်အားကောင်းပြီး တရားဝင်တဲ့ အဖွဲ့အစည်းတခုခုက (ဥပမာ ကမ္ဘာ့ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ အစရှိသဖြင့်) မြန်မာပြည်တွင်းစစ်ရဲ့ အနိုင်အရှုံးကို အသိအမှတ်ပြုပေးဖို့ ကြားဝင်ဆောင်ရွက်ပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ပြည်တွင်းစစ်တွေ မရှိသလောက်ရှားပါးတဲ့ ဖွံ့ဖြိုးတဲ့ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခကို ပြည်တွင်းရေးအနေနဲ့ပဲ သဘောထားမယ်ဆိုရင်တော့ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို လုံးလုံးလျားလျား လျစ်လျူရှု ပစ်ပယ်ထားတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မှားယွင်းမှုတခုအဖြစ် သမိုင်းတွင် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

မွန်မွန်မြတ်

သူပုန်တွေရဲ့ အောင်ပွဲနဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မလား (၁)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024