
နေပြည်တော်၊ အေလာလေဆိပ်မှာ နိုဝင်ဘာ ၅ ရက် ဒီနေ့မနက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နဲ့အဖွဲ့ တရုတ်ခရီးစဉ် လေယာဉ်နဲ့ ထွက်ခွာသွားပြီးနောက် ဗုံးပေါက်ခဲ့တယ်လို့ လေတပ်နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင်နဲ့အဖွဲ့ လိုက်ပါတဲ့ လေယာဥ်ထွက်ပြီး နာရီဝက်အကြာ မနက် ၈ နာရီမှာ လေယာဥ် ပြေးလမ်းနဲ့ ကားပါကင်ကြားမှာ ဗုံး ၂ ကြိမ်ပေါက်ခဲ့တာလို့ သိရပါတယ်။
လေဆိပ်နဲ့ နီးစပ်သူက “ကံကောင်းတာ၊ သွားတဲ့အချိန်မှာ ပေါက်လိုက်ရင် အကုန်သေမှာ။ တပ်ချုပ် လိုက်တဲ့ လေယာဥ်ထွက်ပြီးမှ ဗုံးပေါက်တာ။ VC ပိုက်နဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံးပေါက်တာ အခုတော့ လေယာဥ်ကွင်းထဲမှာ ဗုံးကျန် ရှိ မရှိ ထပ်ရှာနေတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ အေလာလေဆိပ်နဲ့အနီးတဝိုက်မှာ နပခတိုင်းစစ်ဌာနချုပ်နဲ့ ဗုံးရှင်းလင်းရေးအဖွဲ့က ခရီးသည်တွေနဲ့ လိုက်လံပို့ဆောင်နေသူတွေကို ရှာဖွေစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
ဒီနေ့မနက် တရုတ်နိုင်ငံခရီးစဥ်မှာ စစ်ခေါင်းဆောင်နဲ့အတူ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ်ဦးမြတ်တို့ လိုက်ပါသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပမယ့် ၈ ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ဒီကနေ့ မနက် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အေလာလေတပ်စခန်းနဲ့လေဆိပ်ကို အခုနှစ် ဧပြီလ နဲ့ ဇူလိုင်လအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။