သမ္မတဟောင်းနဲ့ ဒု-ကာချုပ်တို့ရဲ့ တရုတ်ခရီးစဥ်တွေမှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားက အပြန်အလှန် တောင်းဆိုမှုတွေအကြောင်း ထွက်ပေါ်လာပါတယ်။ ဘေဂျင်းအစိုးရဟာဆိုရင် စစ်အစိုးရက ခန့်အပ်ထားတဲ့ ဝန်ကြီးတွေကို တရားဝင် ဖိတ်ကြားတွေ့ဆုံတာတွေ မကြာခဏ ရှိခဲ့တာပါပဲ။ ဒါပေမဲ့လည်း ဇွန်လနှောင်းပိုင်းက သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ် ဦးသိန်းစိန်ရဲ့ ခရီးစဥ်ကတော့ နိုင်ငံတကာသတင်းတွေမှာ ထိပ်စီးပိုင်းသတင်း ဖြစ်လာတာပါ။ ဒါ့အပြင် အဲဒီခရီးစဥ်အပြီး တပတ်အကြာလေးမှာပဲ စစ်တပ်ရဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ် စိုးဝင်းက ရှန်ဒေါင်းပြည်နယ် ကင်ဒေါင်းဒေသက ဖိုရမ်တခုကို တရားဝင်ခရီးစဥ် တက်ရောက်ခဲ့ပါသေးတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံကို တရားဝင်လာရောက်တဲ့ ရာထူးအမြင့်ဆုံး စစ်ခေါင်းဆောင် ဖြစ်ပါတယ်။
ဒီခရီးစဥ် ၂ ခုရဲ့ အချိန်အခါတွေ၊ အခြေအနေတွေကို သုံးသပ်ကြည့်ရင် တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်တပ်ထဲက ဘယ်ခေါင်းဆောင်ထက်မဆို သမ္မတဟောင်း ဦးသိန်းစိန်ကို ပိုပြီးလိုလာနေတယ်လို့ ထင်ရပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဒု-ချုပ်လည်းဖြစ်၊ စစ်အစိုးရရဲ့ လက်ထောက်ဝန်ကြီးချုပ်လည်းဖြစ်တဲ့ စိုးဝင်းအတွက် ဦးသိန်းစိန်က လမ်းခင်းပေးသွားတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့စစ်ဘက် သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုမှုအရ အဲဒီလိုအခြေအနေလည်း မဟုတ်ပြန်ပါဘူးတဲ့။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးတဲ့ နောက်ကတည်းက တရုတ်အစိုးရဟာ မြန်မာကို နှစ်နိုင်ငံ သီးသန့်ပလက်ဖောင်းတွေက တွေ့ဆုံတာထက် စစ်အစိုးရဝန်ကြီးတွေကို ဘက်ပေါင်းစုံကနေ ဖိတ်ခေါ်လာရောက်စေခြင်းအားဖြင့် “ရေငုံနှုတ်ပိတ် မူဝါဒ” ကို ကျင့်သုံးနေခဲ့တာပါ။ ဆိုလိုတာက မြန်မာစစ်အစိုးရရဲ့ ဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို ဖိုရမ်တွေ၊ ညီလာခံတွေ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခမ်းအနားတွေအတွက်သာ သွားရောက်ကြရတာ ဖြစ်တယ်ဆိုတာ သိသာစေပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲက အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တဲ့နောက်ပိုင်းမှာ ဘေကျင်းဟာဆိုရင် မြန်မာနဲ့ဆက်ဆံရေး အရှိန်မြင့်တက်လာခဲ့တာပါ။ အဲဒီစစ်ဆင်ရေးဟာ မြန်မာပြည်က အင်အားတောင့်တင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က မဟာမိတ်ဖွဲ့ ညှိနှိုင်းပြီး မြန်မာစစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာလ ၂၇ ရက်နေ့ကို အစွဲပြုထားတာ ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေး နောက်ပိုင်းက စပြီးတော့ မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အာဏာသိမ်းတပ်လက်အောက်က နယ်မြေအများအပြားကို သိမ်းပိုက်ရရှိခဲ့ကြပါတယ်။
ဇန်နဝါရီလထဲမှာ တရုတ်အစိုးရက နှစ်ဖက်တိုက်ပွဲတွေ အပစ်အခတ်ရပ်စဲဖို့ ကြားဝင် ညှိနှိုင်းပေးခဲ့ပါသေးတယ်။ အာဏာသိမ်းစစ်တပ်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူမှုကို ချိုးဖောက်ပြီး အရပ်သားသေဆုံးမှုတွေ ဖြစ်ပေါ်နေစေတယ်လို့ စွပ်စွဲပြန်ပါတယ်။
ဘေကျင်းအစိုးရဟာ ၂၀၂၄ ရဲ့ ပထမပတ်ထဲမှာပဲ ဒု-စစ်ခေါင်းဆောင် စိုးဝင်းကို ဖိတ်ကြားပြီး စစ်တပ်နဲ့ ထိတွေ့ဆက်ဆံဖို့ အစီအစဥ်ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စိုးဝင်းအပေါ် ယုံကြည်မှုအားနည်းခဲ့တဲ့အတွက် တရုတ်ရဲ့ ဖိတ်ခေါ်မှုကို သွားရောက်တွေ့ဆုံမယ့် ခရီးစဥ် အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာပဲ သမ္မတဟောင်း ဦးသိန်းစိန်ဟာ သံတမန်လမ်းကြောင်းကတဆင့် ဇွန်လ ၂၈ ရက်နေ့မှာ ဘေကျင်းမြို့ တရုတ်ခရီးစဥ်ကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ဆက်ဆံရေး အခင်းအကျင်း ဖွင့်ထားပေးလင့်ကစား စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားတာမျိုး မတွေ့ရသလောက်ပါပဲ။ စစ်အစိုးရအနေနဲ့ အထွေထွေရွေးကောက်ကျင်းပမယ့် ရက်စွဲတွေ ထုတ်ပြန်တာမျိုး၊ ဒါမှမဟုတ် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ခိုင်မာတဲ့ အစီအစဥ်တွေ ချမှတ်တာမျိုးတွေကို လိုလားနေပုံရပါတယ်။
ဇွန်လ ၂၈ ရက်က ဦးသိန်းစိန်ရဲ့ ခရီးစဥ်ဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက် ထုတ်ပြန်တာ နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး အဲဒီအခမ်းအနားမှာ တရုတ်အစိုးရခေါင်းဆောင် ရှီကျင့်ဖျင်ကတော့ “တရုတ်ဟာ အခြားနိုင်ငံတွေအပေါ် စိုးမိုးခြယ်လှယ်တဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်မလာစေရဘူး” လို့ ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ် ၆၀ ပြည့် အခမ်းအနားတုန်းကလည်း အဲဒီအခါက သမ္မတအနေနဲ့ ဦးသိန်းစိန်ပဲ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုနှစ် အခမ်းအနား တက်ရောက်အပြီးမှာတော့ ဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကို သီးခြားဆွေးနွေးခဲ့ကြတယ်လို့ မြန်မာစစ်အစိုးရ သတင်းစာတွေက ဖော်ပြနေပါတယ်။
ဝမ်ယိဟာ မင်းအောင်လှိုင်အနေနဲ့ ကြားဖြတ်အစိုးရဖွဲ့ပြီး အာဏာလွှဲပြောင်းကာ ရွေးကောက်ပွဲကျင်းပလာအောင် စည်းရုံးဖို့ ဦးသိန်းစိန်ကို တိုက်တွန်းနေတယ်လို့ သတင်းအရင်းမြစ်တချို့က ဖော်ပြနေကြပါတယ်။ အဲဒီနောက် ဇူလိုင်လ ၆ ရက်နေ့မှာပဲ ဒုချုပ် စိုးဝင်းဟာ ရှန်းဟိုင်းမှာကျင်းပမယ့် စိမ်းလန်းစိုပြေရေးဖိုရမ်ကို တက်ရောက်ဖို့ ရောက်ရှိလာပြီး တရုတ်နဲ့ နယ်စပ်တည်ငြိမ်ရေး၊ မူးယစ်ဆေးနဲ့ လောင်းကစား မှောင်ခိုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတွေ ပါဝင်မှုရှိတယ်လို့ နာမည်ထွက်နေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေအပေါ် ထိထိရောက်ရောက် မနှိမ်နင်းတဲ့အပေါ် တရုတ်က ဘဝင်မကျ ဖြစ်နေပုံရပါတယ်။ တခါ မြောက်ပိုင်းနဲ့ တရုတ်-မြန်မာနယ်စပ်က တိုက်ပွဲတွေကို စစ်တပ်က ရပ်တန့်နိုင်စွမ်း မရှိတာကလည်း တရုတ်ဘက်ခြမ်းမှာ ဒဏ်ရာရသူတွေ၊ အသေအပျောက်တွေပါ ဖြစ်ပေါ်နေပါတယ်။ စိုးဝင်းရဲ့ခရီးစဥ် ကာလအတွင်းမှာ စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တကျော့ပြန်ထိုးစစ်ကို ခုခံနေချိန်ဖြစ်ပြီး အဲဒီ ပြန်လည်ခုခံချေမှုန်းရေးအတွက် တရုတ်အကူအညီနဲ့ ထောက်ပံ့မှုကို လိုလားနေဟန် ရှိပါတယ်။
စိုးဝင်းဟာ တရုတ်မှာရှိနေတုန်း မြန်မာ့အခြေအနေကို သေသေချာချာ ဆွေးနွေးပြောပြပေးဖို့ ဆန္ဒရှိဟန်တူပါတယ်။ Stimson Center အရှေ့အာရှ အစီအစဉ်ရဲ့ တွဲဖက်ဒါရိုက်တာ ယန်ဆန်းကတော့ “ရှင်းရှင်းလင်းလင်းပြောရရင် စိုးဝင်းဟာ ရွေးကောက်ပွဲအစီအစဥ်တွေ၊ ဟနွိုင်းမှာ အမေရိကန်နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းရာတွေ အပါအဝင် တရုတ်ကို သံတော်ဦးတင်စရာတွေ အများအပြားရှိတယ်” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink နဲ့ မြန်မာရေတပ်အကြီးတန်းအရာရှိ ကျော်လင်းဇော်တို့ ဗီယက်နမ်မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။ ဘာတွေဆွေးနွေးခဲ့ကြလဲ တိတိကျကျ မထုတ်ပြန်ပေမဲ့ အမေရိကန် လမ်းခင်းတဲ့ ဖျန်ဖြေညှိနှိုင်းရေးကိစ္စရပ်တွေ ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။
တရုတ်အနေနဲ့ မြန်မာစစ်တပ်အပေါ်မှာ အကူအညီ ပေးလာနိုင်ခြေရှိတဲ့ လုပ်ဟန်တွေကိုတော့ ဆက်လက်လေ့လာနေရဦးမှာပါ။ ဒါပေမဲ့ ဘေကျင်းဟာ မြန်မာစစ်ကောင်စီကို လက်နက်ရေးရာ ကူညီထောက်ပံ့မှုနဲ့ ကျားကန်ထားပြီး ခေါင်းဆောင်မှု ကျဆုံးမသွားအောင်တော့ ကူညီမယ်လို့ ကတိပေးထားတယ်လို့ သတင်းအရင်းမြစ်တွေက ဆိုပါတယ်။ လာမယ့်လပိုင်းတွေမှာတော့ အဲဒီကူညီမှုတွေ ပိုမိုမြင်သာလာဖွယ် ရှိနိုင်ပါတယ်။
ဇူလိုင်လကုန်ပြီးဆိုရင်တော့ မြန်မာစစ်တပ်က ကြေညာထားတဲ့ နိုင်ငံတော်အရေးအပေါ်ကာလဟာ ငါးကြိမ်မြောက် သက်တမ်းကုန်ဆုံးပါတော့မယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အာဏာကို လက်ဆုပ်လက်ကိုင် ဆက်ထားချင်နေပြီး ရွေးကောက်ပွဲလုပ်ဖို့ နှောင့်နှေးနေမယ်ဆိုတာ အားလုံးက တထစ်ချ ယုံထားကြတာပါ။ ဒီအချိန်ဟာ တရုတ်အနေနဲ့ မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ်အပေါ် ဘယ်လောက် သြဇာသက်ရောက်သလဲ ဆိုတဲ့ မေးခွန်းကောင်းတခုကို ရင်ဆိုင်လာရမှာလည်း ဖြစ်ပါတယ်။
(CNA သတင်းစာမှာ ဆောင်းပါးရှင် Leong Wai Kit ရဲ့ ဆောင်းပါးကို သင့်လျော်အောင် ထုတ်နုတ် ဘာသာပြန်ဆိုသည်။)