Home
ဆောင်းပါး
မြန်မာဒုက္ခသည်လူငယ်များ ပဋိပက္ခကြားမှာ စိတ်ထွက်ပေါက်ရှာရင်း မူးယစ်နွံနစ်လာ 
DVB
·
November 3, 2024
Photo by Lillian SUWANRUMPHA / AFP)

ထိုင်းနိုင်ငံတောတွင်းတနေရာက မူးယစ်ဆေးဝါး ကုသရေးစင်တာအဖြစ် ဖွင့်လှစ်ထားတဲ့ သစ်သားခြေတံရှည်အိမ်လေးမှာ မြန်မာဒုက္ခသည်လူငယ်တွေဟာ မူးယစ်ဆေးဝါး ဖြတ်ဖို့အတွက်  စိတ်ရှည်လက်ရှည် လာရောက် စောင့်ဆိုင်းနေကြပါတယ်။

မူးယစ်ဆေးဝါး ကုသရေးစင်တာအဖြစ် ဖွင့်လှစ်ထားတဲ့ ဒီအိမ်လေးမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အပ်စိုက်ကုထုံးနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ထောင်ပေါင်းများစွာသော လူငယ်တွေဟာ မက်သာဖက်တမင်းနဲ့ တခြား စိတ်ကြွရူးသွပ်ဆေးဝါးတွေရဲ့ သားကောင်ဘဝ ကျရောက်နေကြရတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး လူပေါင်း ၃ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပေမဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကတော့ ပွင့်လန်းလာခဲ့ပါတယ်။

ထိုင်းနိုင်ငံနယ်စပ်တလျှောက်မှာ ဖော်ဆောင်နေတဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု ကုသရေးနဲ့ ပြန်လည် ထူထောင်ရေး အစီအစဉ်ကိုတော့ တချိန်တခါက မူးယစ်ဆေးဝါး စွဲလမ်းခဲ့ဖူးသူတွေက စီမံ ဆောင်ရွက်ပေးနေတာဖြစ်ပြီး ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ လူငယ်တွေအကြား မူးယစ်ဆေးစွဲမှု မြင့်တက်လာမှုကို ဟန့်တားရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ အရက်သေစာစွဲလမ်းမှု ပြန်လည်ကုစားရေးနဲ့ ပညာပေးရေး (DARE) စင်တာရဲ့ အကြံပေးပုဂ္ဂိုလ် မားရစ်ပ် (အမည်လွှဲ)က “ဒုက္ခသည်စခန်းက လူငယ်တွေဟာ ဘာလုပ်ရမှန်း မသိအောင် မျှော်လင့်ချက်မဲ့နေကြပြီး အနာဂတ်မရှိ၊  အလုပ်အကိုင်ကလည်း ရေရေရာရာမရှိ ဖြစ်နေတဲ့အချိန် မူးယစ်ဆေးဝါးတွေက အလွယ်တကူ ဝယ်လို့ရနေတော့ သူတို့တွေဟာ မူးယစ်ဆေးဝါး သုံးရင်းနဲ့ပဲ လမ်းဆုံးနေကြတယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂနဲ့ တခြား အေဂျင်စီတွေက ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ DARE စင်တာမှာ အပ်စိုက်ကုထုံးအပြင် မူယစ်ဆေးဝါးရမ္မက်ကို လျှော့ချနိုင်ဖို့အတွက် နှိပ်နယ်ပေးတာနဲ့ မူးယစ်ဆေးဖြတ်မှုကြောင့် ခံစားရတဲ့ ပြင်းထန်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေဖို့အတွက် ယောဂကျင့်စဉ်နည်းလမ်းတွေကိုပါ အသုံးပြုပြီး ကုသပေးနေပါတယ်။  

ရက်ပေါင်း ၉၀ ကြာ ကုသရေးအစီအစဉ်ကို မြန်မာနိုင်ငံရဲ့ ကရင်ပြည်နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်နဲ့ ဒုက္ခသည် စခန်း ၅ ခုတို့မှာ ဆောင်ရွက်ပေးခဲ့ပြီး ၆၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိကုသမှုခံယူနေတဲ့ လူနာ ဒါမှမဟုတ် အရင်က ကုသမှုခံယူခဲ့ဖူးတဲ့ လူနာတွေကို AFP သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ကုသရေးစည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်နိုင်တာကြောင့် DARE စင်တာ က ခွင့်ပြုခဲ့ခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ၃ နှစ်ကျော်ကြာ ပဋိပက္ခနဲ့ လွယ်လင့်တကူရရှိနေတဲ့ မူးယစ်ဆေးဝါးတွေ ပေါင်းစပ်မိသွားတဲ့အခါ လူ့အဖွဲ့အစည်းအပေါ်မှာ ဘက်ပေါင်းစုံကနေ ဆိုးကျိုးတွေ ရိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းတခုကို ဖြစ်ပေါ်စေခဲ့တာလို့ DARE စင်တာ ညွှန်ကြားရေးမှူး အက်ဒဝပ်ဘလန်ကနေ က ပြောပါတယ်။

“အိုးပစ်အိမ်ပစ်နဲ့ ထွက်ပြေးလာခဲ့ရတာရယ်၊ ကိုယ့်ရဲ့ မိသားစုဆွေမျိုးတွေ အသတ်ခံရတာကို မြင်ခဲ့ရလို့ စိတ်ဒဏ်ရာ ရနေတာရယ်၊ ကူရာကယ်ရာမဲ့ မျှော်လင့်ချက်မဲ့ ဖြစ်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးတွေကို  ဗုံးပေါလအောနဲ့ စိတ်ကြိုက်ဝယ်လို့ရနေတာက ကြီးမားတဲ့ အရင်းခံပြဿနာတွေပါ။ ဒီတော့ လူတွေက စိတ်ဒဏ်ရာတွေကို ပြေပျောက်စေဖို့ မူးယစ်ဆေးဝါးနဲ့ ထွက်ပေါက်ရှာရင်း မူးယစ်နွံထဲကနေ ရုန်းမထွက်နိုင်တဲ့ဘဝ ရောက်ကုန်ကြတာ။”

စစ်ကောင်စီဟာ နိုင်ငံတဝန်း ခုခံတွန်းလှန်စစ်တွေနဲ့ ရင်ဆိုင်နေရပြီး စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာချိန်မှာ တရား ဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး မူးယစ်ရာဇာဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာခဲ့ကြ ပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအို ၃ နိုင်ငံထိစပ်ရာ ရွှေတြိဂံဒေသဟာ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ အချက်အချာနေရာတခုအဖြစ် ကာလကြာရှိခဲ့ပါတယ်။ မက်သာဖက်တမင်း ထုတ်လုပ်မှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး မူးယစ်ဆေးဝါးပုံဆောင်ခဲ ၁ တန်ရဲ့ လက်ကားဈေးဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁၀,၀၀၀ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၄,၀၀၀ အထိ ထိုးကျလာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မက်သာဖက်တမင်းနဲ့ ခန္ဓာကိုယ်ကို တက်ကြွစေတဲ့ ကဖိန်းဆေးဓာတ်နဲ့ ပေါင်းစပ်ထားတဲ့ ယာဘလို့ခေါ်တဲ့ မူးယစ်ဆေးပြားတွေကို လမ်းတွေပေါ်နဲ့ ဒုက္ခသည်စခန်းတွေမှာ ဈေးပေါပါနဲ့ အလွယ်တကူ ဝယ်လို့ရနေပြီး အခုဆိုရင် မဲခေါင်ဒေသရဲ့ နေရာအများစုမှာ ယာဘဆေးပြားတပြားရဲ့ တန်ဖိုးဟာ ဘီယာတခွက်လောက်တောင် ဈေးမရှိဘူးလို့ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယကိုယ်စားလှယ် ဘန်နီဒစ်ခ်ဟော်ဖ်မန်းက  ပြောပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ရွှေ့ပြောင်းဒုက္ခသည်စခန်း အများစုကို တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အဲဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အတော်များများဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းတွေကနေ ရရှိတဲ့ဝင်ငွေနဲ့ ရပ်တည်နေကြတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းအသစ်တွေဟာ နိုင်ငံတဝန်းမှာ လမ်းပွင့်လာတဲ့အတွက် မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရေးမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရေးမှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီးပါဝင်နေတဲ့ အချက်ကလည်း ပြဿနာကို ပိုမို ကြီးထွားစေလျက် ရှိတယ်လို့ အမည်မဖော်လိုတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဆင့်မြင့် မြန်မာ ရဲအရာရှိတယောက်က  ပြောပါတယ်။

DARE စင်တာရဲ့ အကြံပေးပုဂ္ဂိုလ် မားရစ်ပ်ကတော့ မူးယစ်ဆေးဝါး စွဲလမ်းမှုနဲ့ဆက်စပ်တဲ့ ကျန်းမာရေး ပြဿနာတွေ၊ ဘဝနဲ့ အသက်ခန္ဓာဆုံးရှံးရမှူတွေေ၊ ရာဇဝတ်မှူတွေ၊ လူမှုရေး အဆင်မပြေမှုတွေ စတဲ့အဖိုးအခတွေကို မူးယစ်ဆေးဝါး ကုန်သွယ်မှုရဲ့ ရိုက်ခတ်မှုဒဏ် အခံရဆုံး သူတွေကပဲ ပေးဆပ်နေကြရပြီး မူးယစ်ဆေးဝါး စွဲလမ်းမှုကို ဖြတ်တောက်ပြီးနောက်ပိုင်း ရလာတဲ့ လွတ်လပ်မှုက ဘာနဲ့မှ လဲလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။ 

ဘာသာပြန်-ရာစုသစ်

Souce: AFP/ Japan Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013