ကလေး-တမူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်က လမ်းပိတ်ပြီး ကုန်စည်တွေကို တိုက်ရိုက်သယ်ယူခွင့်မပြုတဲ့အတွက် ငွေကြေးပေးပြီး သယ်ယူနေရတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေ ပြောကြပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်က လမ်းပိတ်ပြီး ကုန်စည်တွေကို တိုက်ရိုက်သယ်ယူခွင့်မပြုဘဲ ငွေကြေးပေးမှ ဖြတ်သန်းသယ်ယူခွင့်ရတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။
တမူးမြို့ကိုသွားတဲ့ ကလေးမြို့အထွက် ဆည်ကြီးတံတားအနီးမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ကုန်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး အဲဒီဂိတ်မှာရှိတဲ့ စစ်သားတွေက ကုန်စည်တွေကို အခကြေးငွေယူပြီး တွန်းလှည်းနဲ့ သယ်ပေးနေတယ်လို့ ကုန်တင်ကားမောင်းသူတယောက်က ပြောပါတယ်။
ကလေး-တမူးလမ်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၇ ရက်ကစတင်ကာ ကုန်ကားတွေ ဖြတ်သန်းခွင့်ပိတ်ပင်ထားတာဖြစ်ပြီး တမူး-မိုးရေး(အန္ဒိယ-မြန်မာ)နယ်စပ်ဂိတ်ကိုပါ အိန္ဒိယဘက်က ပိတ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ ပိုပြီးအခက်အခဲတွေရှိနေကြတာပါ။
စစ်ကောင်စီတပ်ရဲ့ လမ်းပိတ်ထားမှုကြောင့် တမူးမြို့နယ်မှာ ကြက်သွန်နီတပိဿာကို ၉၀၀၀ ကျပ်နဲ့ ဓာတ်ဆီတဂါလန် ၄၅၀၀၀ ကျော်အထိ ပေးဝယ်နေရပြီး ဒေသခံ PDF တွေကို ရိက္ခာဖြတ်တောက်ချင်တဲ့အတွက် ပိတ်တာဖြစ်နိုင်တယ်လို့ တမူးမြို့နယ်က ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
ကုန်စည်တွေကို လိုသလောက် သယ်ယူခွင့်မရတဲ့အတွက် တမူး ဒေသခံတွေအနေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်စွာဝယ်ယူနေရပြီး ပိုက်ဆံရှိရင်တောင်ဝယ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ခမ်းပါတ်ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
ကလေး-တမူး လမ်းကြောင်းပိတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ လတ်တလောမှာတော့ တမူးမြို့နယ်အတွင်း ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ တမူး PDF က ပြောဆိုထားပါတယ်။
တမူးမြို့ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပြီး စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်၊ မြို့မရပ်ကွက်ဆိုပြီး ရပ်ကွက်လေးခုရှိကာ လူဦးရေ ၆၀,၀၀၀ ဝန်းကျင်နေထိုင်တဲ့ နယ်စပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။
လင်းအိမ်