ရန်ကုန်-ရှမ်းပြည်နယ်တောင်ပိုင်းသွား အမြန်လမ်းမရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဟာ ငွေကြေးပေးဆောင်နေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
မိုင်ပေါင်း ၃၉၀ ကျော်ကွာဝေးတဲ့ ရန်ကုန်နဲ့ တောင်ကြီး အသွားအပြန်လမ်းမတလျှောက်မှာ စစ်ဆေးရေးဂိတ် ၉ ခုထက်မနည်း ရှိနေပြီး အမြန်လမ်း- ဖြူးလမ်းခွဲ ၁၁၅ မိုင်စစ်ဆေးရေးဂိတ်မှာတော့ ခရီးသွားတွေဆီကနေ ပိုက်ဆံတောင်းနေတာပါ။
ခရီးသွားတယောက်က “မှတ်ပုံတင်က ၁၃/( မျဉ်းစောင်း) ရှမ်းပြည်နယ်ကတ်ပဲ။ မှတ်ပုံတင် ပြဆိုပြီး ကားပေါ်တက်စစ်တာ ရဲက ဝင်စစ်တာ။ တကားလုံး လူ ၃၀ လောက် ပါတာ။ အစ်မတို့အပါ ၈ ယောက်ပဲ ကတ်ပြန်မပေးဘဲ အောက်ယူသွားတာ။ လိုချင်ရင် အောက်အထိ လာယူတဲ့။ အစ်မက ၃၀ ပြည့်ကို မလဲသေးလို့ ပေးခဲ့ရတာ။ ကျန်တာက လူငယ်လေးတွေ မိန်းကလေးတွေရော ပါတယ်။ အားလုံး တယောက် ၅၀၀၀ ပေးခဲ့ရတယ်။ အောက်မှာ ကျည်ကာဝတ်ထားတဲ့ အခြားရဲတွေလည်း ရှိတယ်” လို့ပြောပါတယ်။
စစ်ကောင်စီ ရဲတွေဟာ နိုင်ငံသားကတ်ပါ ပြည်နယ်အမှတ်ကို ကြည့်ရုံသာမက ၁၈ နှစ်ပြည့်နေ အသက် ၃၀ ပြည့်အတွင်း လဲလှယ်ထားခြင်း မရှိသေးတဲ့ ခရီးသွားတွေဆီက ငွေကြေးတောင်းခံနေသလို စစ်ဆေးရေးဂိတ်ရောက်ချိန်မှာ ဖုန်းပြောဆိုနေခြင်း၊ အင်တာနက်သုံးနေတဲ့ ဖုန်းတွေကိုပါ စစ်ဆေးနေပါတယ်။
အဝေးပြေးယာဉ်အကူတယောက်က “ဂိတ်က ၉ ဂိတ်ကနေ ၁၀ ဂိတ်လောက်ရှိတယ်။ ၉ ဂိတ်က ပုံမှန်ပဲ။ ကလောအတက်နားက ကျွဲတပ်ဆုံ X-ray ဂိတ်နဲ့ ၁၁၅ မိုင် ဖြူးဂိတ်မှာ ပိုက်ဆံတောင်းတာ ရှိတယ်။ မြန်ချင်ရင် ထုံးစံအတိုင်း ပေးရင် မြန်တယ်။ လူပိုတင်တာ၊ လမ်းဖြတ်တင်တာတော့ စစ်တယ်။ မြေပြိုလမ်းပိုင်းကတော့ တလမ်းသွားအထိ ရသေးတယ်။”
အမြန်လမ်းသွားလာနိုင်ရေးအတွက် ခရီးသွားတွေမှာ မှတ်ပုံတင်မူရင်းပါမှသာ ကားဂိတ်တွေက လက်မှတ်ရောင်းချပေးနေပြီး ရန်ကုန်-မန္တလေးလမ်းပိုင်းနဲ့ မန္တလေး-တောင်ကြီးလမ်းပိုင်းမှာတော့ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာနဲ့ စမတ်ကတ်တွေကို ယူဆောင်လာဖို့ ကားဂိတ်တွေက အသိပေးထားကြပါတယ်။