လာမယ့် ပြောင်းရာသီမှာ မြန်မာနိုင်ငံဘက်က မီးရှို့လို့ မီးခိုးထွက်တဲ့စိုက်ခင်းတွေက ပြောင်းတွေကို တင်သွင်းမှု ပိတ်ပင်သွားဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေတာကြောင့် ပြောင်းပင် ဘေးထွက်ပစ္စည်းတွေကို သဘာဝမြေဆီ ထုတ်လုပ်နိုင်အောင် ကူညီသင့်တယ်လို့ ပြောင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ နှစ်တိုင်း မီးခိုးမြူတွေဖြစ်လာတာက မြန်မာဘက်က အစေ့ထုတ်ပြောင်း စိုက်ပျိုးသူတွေ ပြောင်းဘေးထွက်ပစ္စည်းတွေကို မီးရှို့ရာ ကထွက်လာတယ်လို့ ယူဆပြီး မီးရှို့ထားတဲ့ စိုက်ခင်းက ထွက်လာတဲ့ အစေ့ထုတ်ပြောင်းတွေနဲ့ ပတ်သက်လို့ မြန်မာပြောင်းလုပ်ငန်းလုပ်ကိုင်သူတွေကို အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၄ ရက်က ရန်ကုန်မြို့မှာ ထိုင်း CP ကုမ္ပဏီကဦးဆောင်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။
မြန်မာပြောင်းလုပ်ငန်းလုပ်ကိုင်သူတယောက်က “အခု ပြဿနာတွေက ကျနော်တို့ မီးခိုးမြူတွေက ထိုင်းဘက်ကို ရောက်သွားတော့၊ နောက်အင်တာနေရှင်နယ်မှာလည်း မီးခိုးမြူနဲ့ပတ်သက်လို့၊ Sensitive ဖြစ်လာတယ်။ ဖြစ်လာတော့ လာမယ့်ရာသီကျရင် ထိုင်းအစိုးရက ပေါ်လစီချဖို့ရှိတယ်။ ဒီမှာ မီးရှို့တဲ့ဧရိယာတွေ၊ တောခုတ်တဲ့ဧရိယာက စိုက်တဲ့ပြောင်းတွေ မဝယ်ဘူး။ မတင်ပို့ဖို့ အဲ့လိုမျိုးလာတယ်ဆိုရင် သူ့ရဲ့ သွင်းကုန်သမားတွေကို လိုင်စင် မထုတ်ပေးတော့ဘူး။ ကျနော်တို့ ပို့ကုန်တွေကလည်း အဲဒီလိုမျိုးဟာတွေဆိုလို့ရှိရင် အဲ့ရဲ့ဟာက ၃ လလောက်အချိန်လိုသေးတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၉ ရက်ကလည်း စိုက်ခင်းကို မီးရှို့ပြီး စိုက်ပျိုးလေ့ရှိတဲ့အခင်းက အစေ့ထုတ်ပြောင်းတွေကို ရောင်းချခြင်းမပြုဖို့ ထိုင်းအစိုးရက တားမြစ်ခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ ထိုင်းသံအမတ်နဲ့ CP ကုမ္ပဏီက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့သလို ထိုင်းမီဒီယတအချို့နဲ့ ရှမ်းပြည်နယ်က အစေ့ထုတ်ပြောင်း စိုက်ပျိုးသူတောင်သူတွေနဲ့ အစေ့ထုတ်ပြောင်း တင်ပို့ရောင်းချသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အစေ့ထုတ်ပြောင်းစိုက်ခင်းတွေကို မီးမရှို့ဖို့ ၂၀၂၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံဘက်က စတင်ပြောဆိုလာတာဖြစ်ပြီး ပြောင်းချိုးပြီးတဲ့နောက် ပင်ကြွင်းပင်ကျန်တွေကို သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်မယ်ဆိုရင် မီးခိုးပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောင်းလုပ်ငန်းလုပ်ကိုင်သူ တယောက်က အကြံပြုပါတယ်။
“သူက သူတို့စပြီးတော့ တောင်းဆိုတာက ထိုင်းနိုင်ငံရဲ့ နယ်စပ်လိုင်းနဲ့ ကီလိုမီတာ ၂၀ အတွင်းမှာရှိတဲ့ တောင်ယာအသစ်ခုတ်ခြင်း၊ စိုက်ပျိုးပြီးသား ပြောင်းခင်းတွေကို မီးရှို့ခြင်း ပါတယ်။ အဲဒီ ၂ ချက်မှာ သူတို့ကို အကြံပေးဖူးတယ်။ မီးမရှို့ချင်ရင် ပြောင်းကို အပင်လိုက်ဝယ်ပြီးတော့ Silage လုပ်။ Silage လုပ်ပြီးတော့ ထိုင်းနိုင်ငံထဲကို ပြန်သွင်း။ ဒါပေမဲ့ ခက်တာက ထိုင်းက တရုတ်လို မဟုတ်ဘူး။ Silage ကို တိရစ္ဆာန်အစာအဖြစ် အများကြီး မသုံးနိုင်သေးဘူး။ အဲဒီအတွက်ကတော့ အဖူးပဲဝယ်မယ်ဆိုရင် သေချာတယ် မီးရှို့မှုကတော့ ဖြစ်လာမှာပဲလို့။ အဲဒီတော့ မီးရှို့မှု မဖြစ်ချင်ဘူးဆိုရင် မြေဩဇာလုပ်တဲ့နည်းပညာနဲ့ စက်ပစ္စည်းတွေ ကူညီပေးလိုက်။”
ထိုင်းနိုင်ငံရဲ့ မီးခိုးမြူကိစ္စက မြန်မာနိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်တယ် ဆိုတာထက် မြန်မာတနိုင်ငံလုံးရှိ မိုးရာသီမှာ စိုက်ပျိုးထုတ်လုပ်တဲ့ အစေ့ထုတ်ပြောင်းစိုက်ဧက တသန်းကျော်မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ မျိုးစေ့ ၈၀ ရာခိုင်နှုန်းလောက်ကို မြန်မာနိုင်ငံက တင်သွင်းနေတဲ့ ထိုင်းကုမ္ပဏီဖြစ်တဲ့ CP ကုမ္ပဏီကို ထိုင်းမီဒီယာတွေက ဖိအားပေးလာတာလည်း ဖြစ်ပါတယ်။
ထိုင်းမီဒီယာတွေရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ပြောင်းလုပ်ငန်းလုပ်ကိုင်သူတယောက်က “ကျနော်တို့ ကမ္ဘာကြီးတခုလုံးဖြစ်နေတဲ့ ပြဿနာလေ။ ဒီမီးရှို့တာ တခုတည်းကြောင့် မဟုတ်ပါဘူး။ လောင်စာဆီ သုံးစွဲတာ၊ လောင်စာဆီနဲ့ပတ်သက်တဲ့ toxic ဖြစ်စေတဲ့ လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ တခြားသော အကြောင်းတွေက အများကြီးရှိတယ်။ ဒီတခုတည်း မဟုတ်ဘူး။ ဒါလည်း ပါတယ်။ တောင်ယာမီးရှို့တာတော့ ရှမ်းဒေသက တောင်သူတွေရဲ့ ရိုးရာလေ။ မီးရှို့တယ်ဆိုတာ အလုပ်လုပ်ခါနီးကျရင် မီးရှို့တာပေါ့။ နောက်ပြောင်းကို စိုက်ပြီးတဲ့အခါ အမှိုက်သရိုက်တွေပေါ့။ အဲဒါတွေကို ရှို့တယ်။ နောက်တခါ ပြန်စိုက်ဖို့အတွက်ပေါ့။ ပြာချတာရှိတယ်။ အဲဒီလိုဟာမျိုး တောင်ယာမီးရှို့တာက လွဲပြီးတော့ ကြီးကြီးမားမားတော့ မရှိဘူး။ သစ်ပင်တွေကို မီးရှို့တာ၊ သစ်တောကို မီးရှို့တာတော့ မရှိဘူး။ အဲဒီတော့ ဒီဟာလေးတခုတည်းကြောင့်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော် ထင်တာကတော့ သူတို့နိုင်ငံက Tourism ကိုလည်း အဓိကထားတာကိုး။ Tourism ဘက်ကို မီးမောင်းထိုးချင်တော့ ဟိုတယ်ခရီးသွားလုပ်ငန်းတွေကို Point Out လုပ်တယ်လို့ ထင်တယ်ဗျ”လို့ ပြောပါတယ်။
လတ်တလောမှာ မြန်မာကနေ ထိုင်းကို ပြောင်းတန်ချိန် တသန်းနီးပါး တင်ပို့နေပြီး ထိုင်း-မြန်မာ နယ်စပ် ကီလိုမီတာ ၂၀ အတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှုက စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းတောင် မပြည့်တဲ့အတွက် မြန်မာ့ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး စိတ်ပူစရာမရှိဘူးလို့ ပြောင်းလုပ်ငန်းကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။