Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စာသင်ဆောင်များ လိုအပ်နေ
DVB
·
October 31, 2024

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ကလေးငယ် ၁,၀၀၀ ကျော် ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ကြားဆောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ အခမဲ့ပညာသင်ကြားပေးနေတဲ့ လင်းရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အခမဲ့ ပညာသင်ကြားပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှာ စာသင်ဆောင် ၅ ဆောင် ခွဲကာ စစ်ဘေးရှောင်ကလေးငယ် ၁,၀၀၀ ကျော်ကို ပညာသင်ကြားပေးနေတာဖြစ်ပြီး KG တန်းကနေ Grade 9 အထိ တက်ရောက်နိုင်ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၇၀ ကျော်နဲ့ လည်ပတ်နေတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်ကလေးငယ် ၁,၀၀၀ ကျော်ထဲမှာ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က ကလေးငယ်တွေလည်း ပါရှိပါတယ်။

လက်ရှိမှာ ကျောင်းသားဦးရေ ပိုများလာတာနဲ့အတူ စာသင်ကြားဖို့ နေရာအခက်အခဲ ဖြစ်နေကြပြီး သင်ထောက်ကူပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ လင်းရောင်ခြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“အခုလက်ရှိ စာသင်ဆောင် အရေးတကြီး လိုအပ်နေတာက ကျောင်းဆောင်ခွဲ ၂ ပါ။ ကျောင်းသားက ၃၀၀ ကျော်ရှိပါတယ်။ စာသင်ကြားဖို့ နေရာမရှိဘူး၊ ဖြစ်သလိုပဲ စာသင်နေရတယ်။ အိမ်အောက်တွေမှာပဲ အဆင်ပြေသလို သင်နေရတယ်။ ဆရာမတွေလည်း တနေရာပြီး တနေရာ သွားပြီး သင်ကြားနေရတယ်။ ဒါကြောင့် ကျောင်းသားတွေကို တနေရာတည်းမှာ စုပြီးတော့ စာသင်ဆောင်လေးနဲ့ သင်ကြားချင်တာပါ။ စာသင်ဆောင်အပြင် သင်ထောက်ကူတွေလည်း အမြဲတမ်းလိုအပ်ပါတယ်။ ဗလာစာအုပ်တို့ ခဲတံတို့ ဘောပင်တို့ပေါ့။ ကျနော်တို့ဆီမှာ ပညာသင်ကြားနေတဲ့ ကလေးတွေ အများစုက စစ်ဘေးရှောင်တွေဆိုတော့ မိဘတွေမှာလည်း စားဝတ်နေရေးအတွက် မငတ်ရအောင် ရုန်းကန်နေရတယ်။ တရက်လုပ်အားခက သုံးလေးထောင်တောင် မရကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတော့ မဝယ်ပေးနိုင်ကြဘူး။ ဒါကြောင့် ကလေးတွေ ပညာဆက်သင်နိုင်ဖို့ စာသင်ကြားတာအပြင် သင်ထောက်ကူပစ္စည်းတွေကအစ ကူညီထောက်ပံ့ပေးတာပါ။”

ရခိုင်ပြည်နယ်ရဲ့ ပညာရေးစနစ် မနိမ့်ကျရအောင် ကလေးတွေ ပညာသင်ကြားခွင့် ရရှိအောင် ရေရှည် စနစ်တကျနဲ့ လုပ်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းပါဝင်ပေးစေလိုတယ်လို့ သူက ဆိုပါတယ်။

ပုဏ္ဏာကျွန်းမြို့အခြေစိုက် လင်းရောင်ခြည်ဖောင်ဒေးရှင်းကို ၂၀၁၈ အောက်တိုဘာလ ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား လူမှုရေး အစရှိတဲ့ ကဏ္ဍတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ လင်းရောင်ခြည် စာကြည့်တိုက်ကို ဆောက်ပြီးတော့ စာပေနဲ့ ပညာရေးဘက်ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး ပညာသင်ကြားဖို့ ငွေကြေးမတတ်နိုင်တဲ့ ကလေးတွေ ပညာရေးနဲ့ မကင်းကွာရအောင် အခမဲ့ပညာသင်ကြားနိုင်တဲ့ အစီအစဉ်တွေကို စတင်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အလုပ်အကိုင်ရှားပါးနေတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်မားနေတာကြောင့် ကလေးတွေရဲ့ ကျောင်းစရိတ် မထောက်ပံ့ပေးနိုင်တဲ့အတွက် ပညာသင်ကြားနိုင်ခွင့် ဆုံးရှုံးနေကြရတယ်လို့ စစ်ဘေးရှောင် ကျောင်းသားမိဘတွေက ပြောဆိုနေကြပါတယ်။

စစ်ဘေးရှောင် ကျောင်းသားမိဘတယောက်က “စစ်ဘေးရှောင်နေရတာဆိုတော့ ကျမတို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေး ကျန်းမာရေးကအစ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ရှားပါးနေတယ်။ အဲဒီအခက်အခဲတွေကြားမှာ သားသမီးတွေကို ပညာသင်ကြားနိုင်ဖို့ကလည်း မလွယ်ပါဘူး။ အခကြေးငွေပေးပြီး တက်ရတဲ့ ကျောင်းတွေမှာလည်း ကလေးတွေကို မထားနိုင်ဘူး။ စာအုပ် ဘောပင် ခဲတံတွေလည်း ဈေးကြီးတော့ ဝယ်လည်းမဝယ်ပေးနိုင်ဘူး၊ တအားဈေးကြီးတော့လေ။ အခုလို လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ ကျောင်းဖွင့်ပေးတော့ ကျမတို့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအခွင့်အလမ်း ရှိတာပေါ့နော်။ အဲဒါကြောင့် ကျေးဇူးလည်း အရမ်းတင်တယ်။ ဒီထက်လည်း ကူညီထောက်ပံ့ပေးနိုင်ပါစေလို့ ကျမတို့ ကျောင်းသားမိဘတွေက အများကြီး ဆုတောင်းပေးပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အစိုးရစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာ မရှိတော့ဘဲ ကလေးငယ်တွေလည်း ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024