Home
နိုင်ငံတကာ
စစ်ဘေးသင့် လက်ဘနွန်တွင် ကုလအေဂျင်စီ UNRWA က အပြည့်အဝ လုပ်ငန်းလည်ပတ်နေ
DVB
·
October 31, 2024
Photo-Reuters

စစ်ဘေးသင့် လက်ဘနွန်နိုင်ငံထဲက ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်များ အေဂျင်စီ (UNRWA) က အပြည့်အဝ လုပ်ငန်းလည်ပတ်နေဦးမှာ ဖြစ်တယ်လို့ လက်ဘနွန်နိုင်ငံဆိုင်ရာ ဒါရိုက်တာက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

လက်ဘနွန်နိုင်ငံထဲက UNRWA ဟာ သူတို့ရဲ့ ပုံမှန်အစီအစဉ်နဲ့ လက်ရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ရင်း အပြည့်အဝ လည်ပတ်နေတုန်းပဲလို့ လက်ဘနွန်နိုင်ငံထဲက UNRWA ရေးရာ ဒါရိုက်တာ ဒေါ်ရိုသီ ကလောက်စ်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ပွဲတနှစ်ကျော် ကြာပြီးတဲ့နောက် ဂါဇာအခြေစိုက် ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီကို အစ္စရေးနိုင်ငံထဲမှာ လုပ်ငန်းလည်ပတ်လုပ်ကိုင်တာ မလုပ်ဖို့ တားမြစ်တဲ့ ဥပဒေကို အစ္စရေးက အောက်တိုဘာ ၂၈ ရက်မှာ အတည်ပြုခဲ့တာပါ။

ဒါကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ကယ်ဆယ်ရေးလုပ်ဆောင်နိုင်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ လူထောင်ပေါင်းများစွာကို အလုပ်ခန့်ထားတဲ့ အေဂျင်စီဟာ ကမ်းရိုးတန်းဒေသက လူဦးရေ တရပ်လုံးနီးပါးကို အခြေခံထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဖြူးပေးဖို့ အစ္စရေးနိုင်ငံထဲကတဆင့် ဝင်ဖို့ လိုအပ်နေပါတယ်။

အစ္စရေးနိုင်ငံ ထူထောင်ပြီးချိန် ပတ်ဝန်းကျင်မှာ စစ်ပွဲအပြီး ပါလက်စတိုင်း ၇ သိန်းလောက် ထွက်ပြေးရတာနဲ့ နေအိမ်တွေကနေ နှင်ထုတ်ခံရတာတွေကြောင့် UNRWA ကို ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်နဲ့ ၁၉၄၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

အေဂျင်စီကို ဖျက်သိမ်းဖို့ အစ္စရေးအာဏာပိုင်တွေက ကာလရှည်ကြာ တောင်းဆိုခဲ့ပြီး လုပ်ငန်းစဉ်တွေက အသုံးမဝင်တော့ဘဲ ဝန်ထမ်းတွေ သူတို့ဖွင့်ထားတဲ့ ကျောင်းတွေနဲ့ သူတို့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ လူမှုရေးလုပ်ငန်းစဉ်တွေက အစ္စရေးဆန့်ကျင်ရေးစိတ်ဓာတ်တွေ တိုးပွားလာစေတယ်လို့ အစ္စရေးက ပြောဆို ငြင်းခုံထားပါတယ်။

UNRWA ကတော့ အစ္စရေးရဲ့ စွဲချက် လက္ခဏာရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024