ဒေါ်လာဈေးကို ဆွဲချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ၂၀၂၄ ခုနှစ် ဧပြီကနေ အောက်တိုဘာအထိ စုစုပေါင်း ၇ လအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ထုတ်ရောင်းထားတယ်လို့ သိရပါတယ်။
စက်သုံးဆီ၊ စားသုံးဆီလုပ်ငန်းရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ဗဟိုဘဏ်က တည်ထောင်ထားတဲ့ အွန်လိုင်းပလက်ဖောင်းကနေတဆင့် ထုတ်ရောင်းထားတာပါ။
အဲဒီရောင်းရငွေတွေဟာ သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်စေရာကနေ ရရှိထားတဲ့ ငွေတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က ကနဦးမှာ ပို့ကုန်ရငွေ အားလုံးကို တဒေါ်လာ ၂၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်စေခဲ့ရာကနေ နောက်မှာ ၆၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းကို အဆင့်ဆင့် လျှော့ချပေးခဲ့ပြီး အခုအခါမှာ ၁၀ ရာခိုင်နှုန်းကိုသာ လဲလှယ်စေတော့ပါတယ်။
ဒါပေမဲ့ ကျန်ငွေတွေကိုတော့ ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်းကနေတဆင့် ရောင်းချစေပြီး အဲဒီ အွန်လိုင်း ပလက်ဖောင်းဈေးဟာ တဒေါ်လာ ၃၅၀၀ ကျပ် ဝန်းကျင်သာ ရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ မှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာဈေးတွေဟာ နှစ်စဉ် တဟုန်ထိုး ခုန်တက်ခဲ့ပြီး လွန်ခဲ့တဲ့ ဩဂုတ်လမှာတော့ တဒေါ်လာ ၇၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်သွားခဲ့ပါတယ်။
ဩဂုတ်လ နှောင်းပိုင်းမှာတော့ ဗဟိုဘဏ်ရဲ့ ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းခဲ့မှုနဲ့အတူ ဒေါ်လာဈေး ပြန်ကျသွားခဲ့ပြီး တဒေါ်လာ ၄၅၀၀ ဝန်းကျင်မှာ ငြိမ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်တဲ့ သတင်းတွေနဲ့အတူ ဒေါ်လာဈေး အနည်းငယ် ပြန်တက်လာခဲ့ပြီး ဒီကနေ ညနေပိုင်းမှာတော့ တဒေါ်လာ ၄၆၀၀-၄၇၀၀ ကျပ် ဝန်းကျင် ဈေးပေါက်နေပါတယ်။