ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က ငဝန်မြစ်ထဲမှာ အခုရက်ပိုင်းအတွင်း သေနတ်ဒဏ်ရာတွေနဲ့ အလောင်းတွေအပါအဝင် ရုပ်အလောင်း ၆ လောင်းအထိ ရေစီးနဲ့မျောပါလာတာကို တွေ့ရှိတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၂၀ ရက်က ငဝန်မြစ်ထဲမှာ အသေးစား လေ့ကျင့် ပစ်ခတ်တာတွေလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်ကနေ ၂၈ ရက်အထိ ငဝန်မြစ်ထဲမှာ ရေစီးနဲ့ မျောပါလာတဲ့ သေနတ်ဒဏ်ရာနဲ့ ရုပ်အလောင်းတွေအပါအဝင် အလောင်း ၆ လောင်းအထိ တွေ့ရှိထားတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
“အမျိုးသားအလောင်းက ၄ လောင်းနဲ့ အမျိုးသမီး အလောင်းက ၂ လောင်းပါ။ အမျိုးသားအလောင်း ၂ လောင်းမှာ သေဒဏ်နဲ့ပစ်ခတ်ခံထားရတဲ့ ဒဏ်ရာတွေ့ရတယ်။ ကျန်တဲ့ အလောင်းတွေကတော့ ရုပ်တောင်ဖမ်းမရတော့ပါဘူး၊ မျက်နှာတွေပျက်စီးနေပြီ” လို့ ဒေသခံ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတယောက်က ပြောပါတယ်။
ရေစီးနဲ့ မျောပါတွေ့ရှိရတဲ့ ရုပ်အလောင်းတွေထဲက အမျိုးသားရုပ်အလောင်းတွေဟာ ခန့်မှန်း အသက် ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အမျိုးသမီးတွေက အသက်ကြီးပိုင်း တယောက်နဲ့ နောက်ထပ် တယောက်မှာ ပုပ်ပွတဲ့အထိ ဖြစ်နေတာလို့ သိရပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်က “အားလုံး အလောင်း ၆ လောင်းပေါ့။ အလောင်းအကုန် ငဝန်မြစ်အတွင်းမှာ တွေ့တာ။ အမျိုးသားအလောင်း ၃ လောင်းနဲ့ အမျိုးသမီးအလောင်း တလောင်းက ရေကြည်နဲ့ သာပေါင်းဘက်ကနေမျှောပါလာတာ၊ အမှတ်(၂) တံတား အနီး မြစ်လယ်ခေါင်မှာ တွေ့တာ။ နောက်ထပ်အမျိုးသား အလောင်းတလောင်းနဲ့ အမျိုးသမီးအလောင်းက မှန်စက်ရုံ ကမ်းနားဘော တံတားအောက်ဘက်မှာတွေ့ရတာပါ” လို့ ပြောပါတယ်။
အဲ့ဒီရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူကာ ဆေးရုံကို ပို့ပေးတာ ရှိသလို ဆယ်ယူတဲ့သူမရှိလို့ရေ စီးနဲ့မျောပါသွားတဲ့ အလောင်းတွေလည်းရှိပြီး ပိုင်ရှင်မဲ့ အလောင်းတွေဖြစ်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ အခုလို လူသေအလောင်းတွေ အများအပြားတွေ့ရှိတာမျိုး အရင်ကမရှိဘဲ အလောင်းတချို့မှာ တွေ့ရှိတဲ့ သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးသူတွေဟာ စစ်ရေးကြောင့် ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာတွေဖြစ်နိုင်တယ်လို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက သုံးသပ်နေကြပါတယ်။