ရန်ကုန်မှာ ဝိုင်ဖိုင်ကြိုးအဟောင်းတွေ တဖြည်းဖြည်း များပြားလာကာ လျှပ်စစ်မီးကြိုးတွေနဲ့ညိပြီး မီးကြိုးတွေ မကြာခဏပြတ်ကျနေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မြို့က ရပ်ကွက်တွေအတွင်း သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးအဟောင်းတွေ တဖြည်းဖြည်း များပြားလာတဲ့အတွက် လျှပ်စစ်မီးကြိုးတွေ ပြတ်ကျတာ၊ ရှော့ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် ရန်ကုန်မြို့ခံတွေအနေနဲ့ ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးအဟောင်းတွေကို ဖယ်ရှားဖို့ လျှပ်စစ်ဌာနကို တိုင်တန်းတောင်းဆိုတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်မှာနေသူတယောက်က “ဝိုင်ဖိုင်လာသွယ်တဲ့သူတွေက ကြိုးအသစ်တွေသာ လာသွယ်သွားတာ၊ ကြိုးအဟောင်းတွေကျတော့ မဖယ်ကြဘူး။ အဲဒီကြိုးတွေနဲ့ မီးကြိုးတွေ ငြိပြီး ကားတွေနဲ့ ချိတ်မိတော့ မီးကြိုးတွေ ပြတ်ကျ၊ ဝိုင်ဖိုင်ကြိုးတွေလည်း ပြတ်ကျတာတွေ ဖြစ်နေတာ။ အဲဒါကြောင့် လျှပ်စစ်ရုံးကို တိုင်ပြီး ဖယ်ခိုင်းနေကြတာ” လို့ ပြောပါတယ်။
မြို့နယ်လျှပ်စစ်ရုံးတွေအနေနဲ့ ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေဟာ တရားမဝင်ဘူးလို့ဆိုကာ လိုက်လံဖြတ်တောက်နေတာကြောင့် ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ MPT က စိုက်ထူထားတဲ့ တိုင်တွေမှာ အခကြေးငွေပေးပြီး သွယ်တန်းနေကြရတယ်လို့ အော်ရီဒူး Network Team က ဝန်ထမ်းတယောက်က ပြောပါတယ်။
လက်ရှိမှာ ဝိုင်ဖိုင်ကြိုးအဟောင်းတွေကို ပြန်လည်ဖယ်ရှားဖို့ မလွယ်ကူတော့ဘဲ ကြိုးအဟောင်းတွေ ပြန်လည်ဖယ်ရှားဖို့ဆိုရင် ကုမ္ပဏီအားလုံးနဲ့ ညှိနှိုင်းပြီး ဖယ်ရှားမှသာ အဆင်ပြေမယ်လို့ ဆိုပါတယ်။
“ကြိုးအဟောင်းဖယ်ဖို့က မလွယ်တော့ဘူးဗျ။ တော်တော်အချိန်ပေးပြီးလုပ်ရမှာ။ တခုရှိတာက ကုမ္ပဏီအကုန်သဘောတူပြီး ရှုပ်နေတာတွေ အကုန်ဖယ်၊ အသစ်ပြန်ချိတ်တာမျိုး ဆိုရင်တော့ ရမယ်။ ရက်ပိုင်းလောက် အင်တာနက်မရတာမျိုးတော့ ဖြစ်မယ်။ ဒါပေမဲ့ ထင်သလောက်တော့ မလွယ်ဘူး” လို့ အဆိုပါဝန်ထမ်းက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ ဝိုင်ဖိုင်ကြိုး၊ CCTV ကြိုး၊ လျှပ်စစ်မီးကြိုးတွေ ရှုပ်ထွေးမှုကြောင့် မီးလောင်ကျွမ်းကာ ဓာတ်ကြိုးတွေ ပြတ်ကျတာမျိုး ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ဩဂုတ်လကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဦးရွှေစိုးလမ်း မီးလောင်မှုဖြစ်စဉ်ကို သွားတဲ့ မီးသတ်သမားတဦးဟာ ဝိုင်ဖိုင်ကြိုးနဲ့ ချိတ်မိကာ ကားပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုး ဒဏ်ရာရရှိခဲ့ပါသေးတယ်။