ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ လျှပ်စစ်မီးပြတ်တာတွေ များနေသလို နေအိမ်တွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေလည်း ခိုးယူခံရလို့ ပျောက်ဆုံးမှုတွေ ပိုမိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေမှာ သွယ်တန်းထားတဲ့ ဓာတ်ကြိုးတွေ မကြာခဏ ပျောက်ဆုံးနေပြီး ရဲတပ်ဖွဲ့အနေနဲ့လည်း ဖမ်းဆီးအရေးယူတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြောင်းမြမြို့ခံတဦးက "မြို့ပေါ်မှာက မီးက လာရင်လည်း ခဏပဲ။ မလာတာက များတယ်။ ညဘက် မီးမလာတဲ့အချိန်ဆို မီးကြိုး ဖြုတ်ခိုးခံရတယ်။ မြို့ပေါ်မှာ သူခိုးတွေ များနေတာလည်း ရဲတပ်ဖွဲ့က သိတယ်။ အခိုးခံရလို့ တိုင်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးတာမရှိဘူး"လို့ ပြောပါတယ်။
နေအိမ်တွေကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးအပြင် ဆိုင်ကယ်၊ ဖုန်းနဲ့ နေအိမ် အသုံးအဆောင် ပစ္စည်းတွေလည်း မကြာခဏ ပျောက်ဆုံးနေလို့ မြို့နယ် ရဲစခန်းကို သွားရောက်တိုင်ကြားပေမဲ့ လိုက်လံ စုံစမ်းဖမ်းဆီးအရေးယူတာ မရှိဘူးလို့လည်း သိရပါတယ်။
မြောင်းမြမြို့မှာ လျှပ်စစ်မီးပုံမှန်မလာပေမဲ့ လျှပ်စစ်ရုံးကိုတော့ မီတာခ လစဉ်ပေးသွင်း နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။