“ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး။”
သမိုင်းဆိုးတွင်မယ့် ဒီစကားကို ပြောခဲ့သူကတော့ မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ ၂၀၂၀ အာဏာသိမ်းမှု မကျူးလွန်မီ စစ်တပ်နောက်မြီးဆွဲ ပါတီ ၂၆ ပါတီနဲ့ တွေ့ဆုံစဉ်မှာ အတိအလင်း ပြောဆိုခဲ့တဲ့ စကားပါ။
တကယ်လည်း အာဏာရူး မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းခဲ့တဲ့အပြင် မဖြစ်မနေ အပြည့်အဝအခွန်ထမ်းနေကြရလို့ စစ်တပ်ရဲ့ ပင်မကျောရိုးလို့ ပြောလို့ရတဲ့ ပြည်မနေသူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အိမ်ရာတွေကိုပါ မီးရှို့ဖျက်ဆီးခြင်းဖြင့် သူ့စကားသူ အပြည့်အဝဖော်ကျူးနေပါတယ်။
အခုတော့ မလုပ်ရဲတာ ဘာမှမရှိသူကြီးဟာ ဒေါက်တာနေစိုးမောင်ကိုပါ ဖမ်းဆီးအရေးယူလိုက်ပါပြီ။ ဒေါက်တာနေစိုးမောင် ဆိုတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမက်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အချစ်တော် မြေးဖြစ်သူ နေရွှေသွေးအောင်ရဲ့ ဖခင်ဖြစ်တဲ့အပြင် စစ်ဆေးဆရာဝန် အငြိမ်းစားဗိုလ်မှူးကြီးပါ။ ဒေါက်တာနေစိုးမောင်ရဲ့ ဖခင် ဆိုတာကလည်း နှယ်နှယ်ရရ မဟုတ်ပါဘူး။ မဆလအစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရတဲ့ ဗိုလ်ချုပ်တင်စိန် ဖြစ်တယ်လို့ သိရပါတယ်။ ဆိုလိုတာက စစ်တပ်အဝန်းအဝိုင်းထဲမှာ ကြီးပြင်းရှင်သန်ခဲ့သူ တဦးကို မင်းအောင်လှိုင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးသူအဖြစ် ပုံဖော် ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။
NLD ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးဈာပနအပြီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို စရဖက ဖမ်းဆီးမေးမြန်းနေတယ်ဆိုတဲ့ သတင်း ပေါ်ထွက်ခဲ့ပါသေးတယ်။ နိုင်ငံရေး စောင့်ကြည့်နေသူတချို့နဲ့ ဝါရင့်သတင်းသမားတွေက အတိအလင်း မဖမ်းဆီးရဲလောက်ပါဘူးလို့ တွက်ဆထားသလိုပါပဲ။ ဒေါက်တာနေစိုးမောင်ကို ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်း ခပ်သဲ့သဲ့ ထွက်လာပါတယ်။
တကယ်တော့ ဒေါက်တာနေစိုးမောင်ကို မဖမ်းဆီးရဲလောက်ဘူးလို့ နိုင်ငံရေး စောင့်ကြည့်နေသူတချို့နဲ့ ဝါရင့်သတင်းသမားတွေ သုံးသပ်တွက်ဆခဲ့ကြတာကလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒေါက်တာနေစိုးမောင် ဆိုတာက စစ်တပ်အသိုက်အဝန်းက ဖြစ်တဲ့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သမက် ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာမှ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာရတဲ့ မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခေါင်းခေါက် ရွေးချယ်ခဲ့လို့ပါ။ တနည်းအားဖြင့် စစ်တပ်အတွင်းမှာ သူ့ထက် ဝါရင့်၊ သမ္ဘာရင့် ဗိုလ်ချုပ်ကြီးများစွာရှိတဲ့အထဲက ဦးသန်းရွှေက မွေးစားလိုက်လို့ “အရှင်မွေး ... နေ့ချင်းကြီး” ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူပါ။
ဦးသန်းရွှေ လက်ဆင့်ကမ်းလို့ ကာချုပ်ဖြစ်လာရသူ မင်းအောင်လှိုင်ဟာ စစ်တပ်အတွင်း အာဏာအရှိဆုံးလူအဖြစ်နဲ့ နေရတာကို တင်းတိမ်မှု မရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲပြီးစမှာ နိုင်ငံတော်အာဏာကို အတိအလင်း ထသိမ်းပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို စစ်တပ်နဲ့ နိုင်ငံ့အာဏာကို တပြိုင်တည်း ကိုင်ထားလိုတဲ့ မင်းအောင်လှိုင်ဟာ ဦးသန်းရွှေလို နိုင်ငံတည်ငြိမ်မှုရရေး နိုင်ငံရေးကစားကွက်တွေ ထုတ်မသုံးတတ်ပါဘူး။ မတရားဖမ်းဆီးသတ်ဖြတ်၊ ရွာလုံးကျွတ် လုယက် မီးရှို့နေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်လက်ထက်မှာ လက်နက်ကိုင် တော်လှန်မှုတွေက ကြီးထွားလာနေပါတယ်။ စစ်တပ် သမိုင်းမှာ မကြုံရဖူးသေးတဲ့ တိုင်းစစ်ဌာနချုပ်တွေကိုပါ လက်လွှတ်ရတဲ့အထိ ဖြစ်နေတာပါ။
ဒါပေမဲ့လည်း မင်းအောင်လှိုင်ဟာ တပ်တွင်းက အချင်းချင်းအပေါ်မှာတော့ ဓားရေး စွာပြနေပါတယ်။ တချိန်က သူ့လူယုံ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကအစ တိုင်းမှူးအဆင့်တွေအထိ မလိုရင် မလိုသလို ဖြုတ်ထုတ်သတ် လုပ်နေခဲ့ပါတယ်။ အခု အလှည့်ကျလာတာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုပါပဲ။ လက်နက်ကိုင် တော်လှန်ရေးမှာ အရှုံးပြနေတဲ့ မင်းအောင်လှိုင်ဟာ လက်နက်မသုံး၊ ဖေ့စ်ဘွတ်ခ်ပဲ သုံးနေတဲ့ ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကိုတော့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးသူအဖြစ် ပုံဖော် ဖမ်းဆီးလိုက်ပါပြီ။ ဒီလိုလူကို ဖမ်းဆီးရဲတာဟာ မင်းအောင်လှိုင်ရဲ့ အမိန့်မပါဘဲ အောက်ခြေအဆင့်နဲ့ လုပ်ဆောင်ခဲ့တာမျိုး မဖြစ်နိုင်တာ သေချာပါတယ်။ တကယ်တော့ ဒေါက်တာနေစိုးမောင်ရဲ့ ဖေ့စ်ဘွတ်ခ်အရေးအသားတွေကို အစဉ်တစိုက် စောင့်ကြည့်လေ့လာရင် မင်းအောင်လှိုင်နဲ့ စစ်တပ်အပေါ် တိုက်ရိုက် စော်ကားသုံးနှုန်း ရေးသားတာမျိုးကို တွေ့ရမှာ မဟုတ်ပါဘူး။ “တွေးယူသော် ရ၏” ဆိုတဲ့ အရေးအသားမျိုးထဲမှာ အနာရှိလို့ စပ်နေတဲ့ မင်းအောင်လှိုင်အတွက် မျက်စိဆံပင်မွှေးစူး ဖြစ်ရပုံပေါ်ပါတယ်။
ဒါ့အပြင် စစ်တပ်ကိုသာမက နိုင်ငံတော်အာဏာကိုပါ ဆုပ်ကိုင်ထားချင်တဲ့ မင်းအောင်လှိုင်ဟာ သူသည်သာ အကြွင်းမဲ့ အာဏာရှင်ဖြစ်ကြောင်း အထင်အရှား ပြသနိုင်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ဦးသန်းရွှေကို အားကျခဲ့တဲ့ မင်းအောင်လှိုင်မှာ ဦးသန်းရွှေနဲ့ လာရာလမ်းကြောင်း မတူတဲ့ အချက်တွေ ရှိပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပေမဲ့ ဦးဆောင်သူဟာ ဗိုလ်ချုပ်ကြီးစောမောင်ပါ။ ဦးသန်းရွှေကတော့ ၁၉၉၂ ခုနှစ်မှာမှ ဦးစောမောင်ကို စိတ်ကျန်းမာရေး မကောင်းသူလို့ တပ်တွင်း အကြောင်းပြ ဖယ်ရှားပြီး အာဏာအလုံးစုံကို ဆုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဆိုလိုတာက ကျေးဇူးခံ၊ ကျေးဇူးစား ထားစရာမလိုတော့ဘဲ အကြွင်းမဲ့ အာဏာရှင်ဖြစ်ခဲ့တာပါ။ မင်းအောင်လှိုင်အဖြစ်ကတော့ ဒီလို မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကမ်းပေးတဲ့ သရဖူကို ရလို့သာ ကာချုပ်ဖြစ်လာရတာပါ။
ဒါ့ကြောင့်လည်း တပ်တွင်းမှာ အခုချိန်ထိ ဦးသန်းရွှေရဲ့ ဩဇာအရှိန်ရှိနေသေးတယ်လို့ ယူဆကြတဲ့အပြင် တရုတ်လို အင်အားကြီး နိုင်ငံ့ခေါင်းဆောင်တွေကပါ အငြိမ်းစား ကာချုပ်ကြီး ဦးသန်းရွေကို အထူးတလည် တွေ့ဆုံဆွေးနွေးနေကြစဲပါ။ ဒါဟာ မင်းအောင်လှိုင်ဟာ အကြွင်းမဲ့ အာဏာရှင်မဖြစ်သေးကြောင်း သိသာထင်ရှားစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အကြွင်းမဲ့ အာဏာရှင် အိပ်မက်ကို အပြည့်အဝ မက်ခွင့်မသာစေတဲ့ အချက်တွေပါပဲ။ မင်းအောင်လှိုင်ရဲ့ နှလုံးသည်းပွတ်ကို မအေးငြိမ်းစေတဲ့ အချက်တွေပါပဲ။ အကြွင်းမဲ့ အာဏာရှင် ဖြစ်လိုတဲ့ မင်းအောင်လှိုင်အတွက် ဒေါက်တာနေစိုးမောင်ရဲ့ မထိတထိ ရေးသားချက်တွေဟာ ယမ်းပုံမီးကျ ဖြစ်စေသလို၊ ဒါကို အကြောင်းပြုပြီး တပ်တွင်း ဩဇာတိက္ကမကြီးမားလှတဲ့ ကာချုပ်ဟောင်း မိသားစုကို ချုပ်ငြိမ်းအောင်ပြုဖို့ အချိန်တန်ပြီလို့ မင်းအောင်လှိုင်က ဆုံးဖြတ်လိုက်ဟန် တူပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လှုံ့ဆော်မှု ဆိုတဲ့ အမှုခေါင်းစဉ် အကြီးကြီး တပ်လိုက်ပါပြီ။ ဒေါက်တာ နေစိုးမောင်အမှုမှာ မင်းအောင်လှိုင် ပြုသမျှ နုနေရင်တော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုဟာ ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း မိသားစုလို အစွယ်ချိုးခံရတဲ့မြွေ အဖြစ်ကို ကြုံကြရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ မင်းအောင်လှိုင်ကတော့ အမြီးကို စဆွဲနေပါပြီ။ ပြီးရင် ခေါင်းပုတ်၊ ထိပ်ပုတ်ပြီး အစွယ်ချိုးပါလိမ့်မယ်။
ဘာမဆို လုပ်ရဲသူကြီးကတော့ ကာချုပ်ကြီးဟောင်း ဦးသန်းရွှေနဲ့ သူ့မိသားစုမှာ အစွယ်နဲ့ အဆိပ်ရှိပါသေးရဲ့လား ဆိုတာကို မေးခွန်းထုတ်လိုက်ပါပြီခင်ဗျား။
စောအဲမွန်