ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်မှာ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက အထပ်ပေါင်း များစွာ ရှိတဲ့ မိုးမျှော်တိုက်တလုံးကို ရုရှားဒရုန်း တစီး ထိမှန်ခဲ့လို့ အပေါ်ထပ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့လယ်ခေါင်ရဲ့ အနောက်ဖက်ကပ်ရက်မှ ဆိုလိုမျန်စကီးခရိုင်ရှိ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူ ဒေသခံ ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြို့တော်ရဲ့ စစ်အုပ်ချုပ်ရေး အကြီးအကဲ ဆာဟီ ပေါ့ပ်ကို က ပြောကြားခဲ့ပါတယ်။
“ဆိုလိုမျန်စကီး ခရိုင်ရှိ မိုးမျှော်တိုက်ရဲ့ ၁၇ ထပ်ကနေ ၂၁ ထပ်အထိ တိုက်ခန်းတွေ ပျက်စီးသွားပြီး အထပ် ၂၀ မှာ တိုက်ခန်းတွေ မီးလောင်ကုန်တယ်”လို့ ပေါ့ပ်ကိုက တယ်လီဂရမ် အက်ပ် မှာ ရေးသားခဲ့ပါတယ်။
ဆယ်ကျော်သက် မိန်းကလေး တဦး သေဆုံးသွားကြောင်း မြို့တော်ဝန် ဗီတလီ ကလစ်ချ်ကို က ပြောပါတယ်။ မီးထိန်းနိုင်ခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။
ဒဏ်ရာရသူများကို အခင်းဖြစ်ပွားရာနေရာမှာ ကုသပေးနေပြီး အရေးပေါ် လူနာတင်ယာဉ်တွေ လည်း အနီးအနားမှာ ကျန်ရှိနေပါတယ်။ ဒဏ်ရာရရှိသူ ၅ ဦးထဲက တဦးကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး ရှေးဦးသူနာပြုစုရေး စခန်းတစ်ခုကိုလည်း အဲဒီနေရာမှာ ထားရှိထားပါတယ်။
ရှက်ဗ်ချန်ကိဗ်စကီးခရိုင်အလယ်ပိုင်းရှိ လေဟာပြင်တနေရာမှာ ဒရုန်းအပိုင်းအစတွေ ပြုတ်ကျခဲ့တယ်လို့ စစ်အုပ်ချုပ်ရေးအကြီးအကဲ ပေါ့ပ်ကိုက ပြောကြားခဲ့ပြီး အသေအပျောက် မရှိခဲ့ကြောင်း သိရပါတယ်။
အချိန် ၁ နာရီကြာ လေကြောင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန်ကာကွယ်ရေးတွေ သက်ဝင် လုပ်ဆောင်ခဲ့ပြီး နောက် ၂ နာရီလောက်အကြာမှာ ဒရုန်းတွေ ဝင်လာတဲ့အတွက် မြို့တွင်း သတိပေးချက် အသစ် ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ သတိပေးချက်တွေ သက်ရောက်မှု ရှိနေဆဲဖြစ်ပါတယ်
Source-Reuters