Home
မြန်မာသတင်း
NLD ပါတီဝင် ၃၉ ဦးအပါအဝင် သက်ကြီးနိုင်ကျဉ်း  ၁၂၀ ကျော် ကျန်းမာရေး စောင့်ရှောက်မှု အလုံလောက်မရ   
DVB
·
October 26, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၃၉ ယောက်အပါအဝင် သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော် မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရဘူးလို့ စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင်က ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ အသက် ၆၅ နှစ်နဲ့အထက် NLD ပါတီဝင် ၃၉ ယောက်၊ ပါတီဝင်မဟုတ်တဲ့သူ ၇၄ ယောက်၊ စုစုပေါင်း သက်ကြီးနိုင်ငံရေးအကျဉ်းသား ၁၂၃ ယောက် အကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD နာယက ဦးဝင်းထိန်၊ NLD အစိုးရ တိုင်းနဲ့ပြည်နယ်အဆင့်ဝန်ကြီးချုပ်၊ ဝန်ကြီးအဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်အရာရှိတွေပါဝင်နေတာပါ။

NLDဗဟိုအလုပ်ကော်မတီ ဦးကျော်ထွေးက "အသက် ၆၅ နှစ်အထက် နိုင်ငံရေးအကျဉ်းသားပါတီဝင် ၃၉ ဦးနဲ့ ပါတီဝင်မဟုတ်တဲ့သူ ၇၄ ဦး စုစုပေါင်း၁၂၃ ဦးရှိတယ်လို့‌ ကောက်ခံရရှိထားပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့သင့်လျော်တဲ့နေရာထိုင်ခင်း၊ အစားအစာ၊ ဆေးဝါးတွေအပြင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုံလောက်အောင်မရရှိတာကြောင့် အကျဉ်းထောင်ထဲမှာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ကျနော်ရဲ့ဒုတိယဥက္ကဋ္ဌ  ၂ ဒေါက်တာဇော်မြင့်မောင်ဟာ နမူနာဖြစ်ပါတယ်ဗျ"လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ဘယ်ထောင်မှာ ထိန်းသိမ်းထားတယ် ဆိုတာကိုပါ သတင်းထိန်ချိန်ဖို့အတွက် ထောင်ပြောင်းရွှေ့တာ တွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ပါတွေ့ဆုံခွင့်မပေးခဲ့တာ အချိန် ၂ နှစ်နီးပါးကြာရှိနေပြီဖြစ်ပါတယ်။

လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ၂၀၂၄ ဩဂုတ်လကုန်အထိမှတ်တမ်းတွေအရ စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း NLD ပါတီဝင် ၂၁၈၁ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ယောက် အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

အဲ့ဒီအထဲက ပါတီဝင် ၇၀၂  ယောက်နဲ့  လွှတ်တော်ကိုယ်စားလှယ် ၈၈  ယောက် ပြန်လွတ်လာပြီး  ပါတီဝင် ၁၄၉၇ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၅၇ ယောက်ကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ 

စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း NLD ပါတီဝင် ၁၀၇ ယောက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်  စုစုပေါင်း ပါတီဝင် ၁၀၉  ယောက်  သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

NLDဗဟိုအလုပ်ကော်မတီ ဦးကျော်ထွေးက "အသက် ၈၀ ပြည့်တော့မှာဖြစ်တဲ့ ကျနော်တို့ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး အခြေအနေကို ကျနော်တို့ အထူးစိုးရိမ်နေပါတယ်။ မြန်မာပြည်သူတရပ်လုံးကလည်း ကျန်းမာရေးထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခိုင်အမာယုံကြည်ထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်တို့မှာပါရှိတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အတိအလင်းတောင်းဆိုထားတာကို စစ်ကောင်စီက လစ်လျူရှုပြီးမလိုက်နာတာကို လိုက်နာလာအောင်အရေးယူ ဆောင်ရွက်မှုတွေ တိုးမြှင့်မလုပ်ဘဲနဲ့ ထိတွေ့ဆက်ဆံမှုတွေတိုးမြှင့်ဆက်ဆံချင်ပုံတွေပြနေတာ၊ စစ်ကောင်စီရဲ့ဟန်ပြရွေးကောက်ပွဲကို ပြဿနာရဲ့ အဖြေဖြစ်လာမယ်လို့ မျှော်လင့်နေကြတာက ပိုမိုနက်ရှိုင်းတဲ့ ရေရှည်ပြဿနာကို ဖန်တီးနေတာပဲ”လို့ ပြောပါတယ်။

စစ်အာဏာစသိမ်းချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုအကျဉ်းချထားတဲ့ ပြည်သူ ၂၁၀၀၀ ကျော်ရှိနေပြီး သတ်ဖြတ်ခံရတဲ့ပြည်သူ ၅၈၀၀ ကျော်ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၅ ရက်အထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

ဒီအခြေအနေတွေအတွက်စိုးရိမ်ကြောင်း ကုလသမဂ္ဂနဲ့ အာဆီယံက အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပေမဲ့ စစ်ကောင်စီက လစ်လျူရှုထားခဲ့တာပါ။

NLD ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က "နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေရဲ့ကျန်းမာရေးကိုစိုးရိမ်ကြောင်းတော့ ပြောတာရှိပါတယ်။ ဒီ့ထက်ပိုပြီးတော့ သူတို့ဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးသင့်လျော်ပါတယ်။ ကျနော်တို့လည်းထောက်ခံပါတယ်။ ဒါပေမဲ့ အဲ့ဒီအဖွဲ့အစည်းတွေက သူတို့အလုပ်သူတို့ လုပ်နေတာဖြစ်တဲ့အတွက် ကျနော်တို့ အထူးတလည်တော့ တောင်းဆိုမှုမလုပ်တော့ပါဘူး။ မိမိတို့လုပ်ရမယ့် အလုပ်ကိုသာ ထိထိရောက်ရောက်ကလေးလုပ်ပေးမယ်ဆိုရင်တော့ မြန်မာပြည်သူတွေက ဒါ့အတွက်ကျေးဇူးတင်ရှိမှာပါ”လို့ ပြောပါတယ်။

နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူတယောက်က "ထောင်လက်စွဲအရကျန်းမာရေး စောင့်ရှောက်ရင်ကို တော်တော်လေးအဆင်ပြေလောက်တယ်။ ထောင်လက်စွဲနဲ့အညီကို စောင့်ရှောက်ဖို့အတွက်ကို အခုခေတ်ထောင်ဝန်ထမ်းတွေတောင် ပြန်လေ့ကျင့် ရမယ့်သဘောရှိတယ်။ ဂလိုဘယ်လို့ပြောနေပြီးတော့ ကမ္ဘာ့နိုင်ငံတွေကလည်း တနိုင်ငံနဲ့တနိုင်ငံ တဖွဲ့နဲ့တဖွဲ့ အဖွဲ့အစည်းတွေက နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ ကျန်းမာရေးအရစောင့်ရှောက်တဲ့စနစ်မျိုး ဂရုစိုက်တဲ့စနစ်မျိုးတွေနဲ့ ဝိုင်းဝန်းစောင့်ရှောက်တာတွေ ဆုံးဖြတ်တာတွေ အကူအညီပေးတာတွေ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ နိုင်ငံတိုင်းနိုင်ငံတိုင်း ထောင်တွေထဲမှာ နိုင်ငံရေးသမားတွေရှိနိုင်တာပဲလေ။ ဝိုင်းဝန်းလုပ်ပေးရင်တော့ အများကြီးတန်ဖိုးရှိတာပေါ့”လို့ ပြောပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC နဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာပြီး အကျဉ်းသားတွေလိုအပ်တာတွေကို ထောက်ပံ့ကူညီလေ့ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ အကျဉ်းထောင်တွင်းသတင်းတွေကို အမှောင်ချထားပြီး  NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဒေါက်တာဇော်မြင့်မောင်တို့ဟာ ထောင်ထဲမှာလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရခဲ့ဘဲအသက်ဆုံးရှုံးခဲ့ရပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013