ရန်ကုန်တိုင်း၊ လှည်းကူးမြို့ ပြည်တော်သာ (ည) ရပ်ကွက်ရှိ ဝါးရုံတောဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၂၃ ရက် ညပိုင်းက ကိုရင် ၁၆ ပါးနဲ့ ကျောင်းသားတယောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ည ၇ နာရီလောက်က ကိုရင်တွေ အစာအဆိပ်သင့်မှုကြောင့် လှည်းကူးမြို့နယ်ဆေးရုံကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းက ဟင်းပေါင်းတွေစားမိပြီး ဖြစ်တာပါ။ ကိုရင်လေးတွေဆိုတော့ မတည့်တာတွေရော အားလုံးပေါင်းထည့်ပြီး စားကြတာပေါ့။ ကိုရင် ၁၆ ပါးနဲ့ အသက် ၁၅ နှစ်အရွယ် ဘုန်းကြီးကျောင်းသားတဦးပါ။ စားပြီး မူးကြ အန်ကြလို့ ဆေးရုံကို ညတွင်းချင်း အရေးပေါ် ပို့ဆောင်ခဲ့တာပါ။”
အစာအဆိပ်သင့်ခဲ့တဲ့ ကိုရင် ၁၆ ပါးနဲ့ ဘုန်းကြီးကျောင်းသားတယောက်တို့ လှည်းကူးမြို့နယ်ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှု ခံယူခဲ့ကြပြီး ဒီနေ့ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ ဝါးရုံတောကျောင်းတိုက်ကို ကျန်းမာစွာနဲ့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
အစာအဆိပ်သင့်သူတွေကို လှည်းကူးပြည်သူ့ဆေးရုံမှာ ကြက်ခြေနီ စေတနာလုပ်အားရှင် တွေက ရောက်ရှိကူညီပေးခဲ့သလို မြို့နယ်အတွင်းက လူမှုကူညီရေးအသင်းတွေကလည်း အရေးပေါ် လူနာတင်ယာဉ်တွေနဲ့ ကူညီဖို့ အသင့်စောင့်ဆိုင်းပေးခဲ့ကြပါတယ်။
အလားတူ စက်တင်ဘာ ၁၈ ရက် ညပိုင်းကလည်း ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ဝက်ဖြူကုန်း ရေဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ကလေးလူကြီး ၄၀ ကျော် အစာအဆိပ်သင့်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
Photo-လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့