ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကလေးငယ်တွေအတွက် ပညာရေးအဆက်မပြတ်စေဖို့ ကျောင်းဆောင်တွေနဲ့ သင်ထောက်ကူပစ္စည်းတွေ အကူအညီလိုအပ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကနေသိရပါတယ်။
ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ကလေးငယ်တွေပညာရေးအတွက် မိဘပြည်သူတွေနဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ဆောင်ရွက်လည်ပတ်နေတာဖြစ်ပြီး ရုံးလည်ပတ်နိုင်ဖို့ ကျောင်းဆောင်တွေ၊ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့မှု၊ ကလေးတွေအတွက် စာရေးကိရိယာတွေ၊ ဖတ်စာအုပ်တွေ စတဲ့ လိုအပ်ချက် များစွာ ရှိနေတာဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့စတင်ခဲ့တာ ၃ နှစ်ရှိသွားပြီး ဒီကာလအတွင်း အခက်အခဲတွေလည်း ရှိနေသလို အကူအညီတွေလည်း လိုအပ်နေဆဲ ဖြစ်ပေမဲ့ တိုးတက်အောင်မြင်လာမှုကတော့ ပညာသင်ကြားခွင့်ရတဲ့ ကလေးငယ်တွေ ၉၀ ရာခိုင်နှုန်းကျော် ရှိလာတယ်လို့ ဘုတ်အဖွဲ့ဝင် CDM ဆရာယောက်က ပြောပါတယ်။
“တိုးတက်အောင်မြင်မှုကတော့ ပညာသင်ကြားခွင့်ရရှိတဲ့ ကလေး ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ရာနှုန်းပြည့် မရှိရတာကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်ဒဏ်ကြောင့် အားလုံး လုံခြုံစွာ ပညာမသင်ကြားနိုင်တဲ့ အတွက်ဖြစ်ပါတယ်။”
အချိန်မရွေး စစ်ကောင်စီတပ်ရဲ့ လေယာဉ် ဗုံးကြဲတဲ့ဒဏ်နဲ့၊ လက်နက်ကြီးဒဏ်တွေ ကြုံတွေ့ရနိုင်တဲ့ လုံခြုံရေး စိန်ခေါ်မှုအခက်အခဲတွေကြားကနေ ကလေးတွေ ပညာသင်ကြားမှု မရပ်တန့်အောင် တတ်နိုင်သလောက် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်စခန်းတွေရှိနေပြီး စစ်ရှောင်လာကြတဲ့ မိသားစုက ကလေးငယ်တွေကိုလည်း ခွဲခြားခြင်းမရှိဘဲ ပညာသင်ကြားတဲ့ အခွင့်အရေးတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
မုန်တိုင်း ယာဂီအကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံတဝန်းလုံး ရေကြီးရေလျှံမှုတွေ ဖြစ်တုန်းကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ရေဘေးဒဏ်ကြောင့် ကျောင်းဆောင်အမိုးအကာတွေကို မိုးကာတွေနဲ့သာ ပြုလုပ်နိုင်တာကြောင့် ပညာသင်ကြားမှုမှာ နှောင့်နှေးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
မြတ်သဇင်