ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ခံပြည်သူတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေ ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဒီနေ့အထိ တိုက်ပွဲ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့မြို့ခံ ပြည်သူတွေက စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြတယ်လို့ ပန်ဝါမြို့ခံ အမျိုးသမီး တယောက်က ပြောပါတယ်။
“တချို့ကျတော့လည်း ဂိတ်မှာပဲ ထွက်ပြေးနေကြတယ်။ လေယာဉ်လာမယ်လို့တော့ ပြောကြတယ်။ ဒါပေမဲ့ ဒီဘက်မှာတော့ ငြိမ်းချမ်းသလိုလို ဆိုပြီးမှ နေနေကြတာပေါ့။ ဒီမှာ အများပိုင်း အကုန်လုံးကတော့ အလံဖြူတွေလည်း ထောင်ထားကြတယ်။ အိမ်တိုင်းလိုလို ဆိုတော့။ ငြိမ်းချမ်းတယ်ဆိုပေမဲ့ ဟိုဘက်က ဘယ်လိုလာမလဲ မသိဘူး။ လေယာဉ်လာမယ် ဆိုလို့ ထွက်ပြေးနေကြတယ်။ ကျမတို့ကတော့ အိမ်မှာပဲ ကျမတို့မြင်ရသလောက်ကတော့ ငြိမ်းချမ်းပြီ လိုတော့ ထင်တာပဲ။ ဒါပေမဲ့ အပေါ်ကနေ လေယာဉ်လာမှာ အဲဒါတခုတော့ စိုးရိမ်ရတယ်။ ကျန်တာကတော့ ငြိမ်းချမ်းပြီလို့တော့ ထင်တယ်။”
ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ် ခြံစည်းရိုးနားတလျှောက် စုပြုံတိမ်းရှောင်ကြပေမဲ့ တရုတ်ဘက်က ဝင်ခွင့်မပေဘဲ တားမြစ်ထားခဲ့ ပါတယ်။
တိုက်ပွဲတွေကြောင့် တရုတ်ဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတချို့လည်း မြို့ပေါ်က နေအိမ်တွေမှာ ပြန်နေကြပြီး အဝေးကထွက်ပြေးလာသူတွေကတော့ တရုတ် - မြန်မာ နယ်စပ်အနားပဲ ဆက်ပြီး တိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။
“ပန်ဝါဒီဘက်မှာတော့ လေယာဉ်နဲ့ လာပစ်သွားတာတော့ မကြားဘူး။ လေယာဉ်တော့လာတယ်။ ထိခိုက်သံ ဘာသံတော့မကြားဘူး။ ငြိမ်းချမ်းပြီ ‘အောင်ဒန်’လို့တော့ သူတို့အော်ကြတယ်။ ဒီက ပြည်သူ့စစ်လူကြီးတွေလည်း နေအိမ်တွေမှာ အလံဖြူတွေ ထောင်ထားကြတယ်။ ဒီဘက်မှာက ငြိမ်းချမ်းပြီ ကျမတို့ဆိုလည်း သွားလာနေကြတယ်။ ဒါပေမဲ့ အခုလောလောဆယ်က နည်းနည်း ပြန်ရှုပ်နေတယ်။ လေယာဉ်လာမယ်ဆိုပြီးမှ ဂိတ်ထဲကို ပြန်ပြေးဝင်နေကြတယ်။ တချို့က အိမ်မှာပဲ ရှိကြသေးတယ်။ တချို့ဆို ပြန်ကုန်ကြပြီ။”
တရုတ်နိင်ငံဘက်က နယ်စပ်တံခါးကို ပိတ်ထားပြီး ဝင်ခွင့်မပေးခဲ့တာကြောင့် အောက်တိုဘာ ၁၇ ရက်ကစပြီး ပန်ဝါဒေသခံတွေဟာ ပန်ဝါကနေ ဝိုင်းမော်– မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာ နေကြပါတယ်။
အောက်တိုဘာ ၁၈ ရက်က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီဖြစ်ပေမဲ့ ပန်ဝါဒေသနဲ့တဆက်တည်း ဖီမော်၊ ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီး တချို့ ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
ဟန်န