ဝန်းရံပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းနယ်မြေအပေါ် "ရန်လိုမှု" တွေ ရပ်တန့်ပြီး ဂါဇာကမ်းမြောင် ကနေ အစ္စရေးတပ်တွေ ဆုတ်ခွာမသွားမချင်း ဂါဇာရှိ အစ္စရေး ဓားစာခံတွေလည်း ပြန်ရောက်လာမှာ မဟုတ်ဘူးလို့ ဂါဇာ ဟားမတ်စ်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲလည်းဖြစ်တဲ့ ညှိနှိုင်းရေးမှူးချုပ် ခါလိလ် အလ်ဟေးယာက အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ကနေ အပြည့်အဝ ဆုတ်ခွာပေးဖို့နဲ့ အစ္စရေးအကျဉ်းထောင်တွေကနေ ပါလက်စတိုင်း သူရဲကောင်းတွေနဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့လည်း အလ်ဟေးယာက ပြောဆိုလိုက်ပြီး သူတို့ဟာ ဟားမတ်စ်ရဲ့ လမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ လူအသေအပျောက်များပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ လက်ယာစွန်းအစိုးရအတွက် ဓားစာခံအကျပ်အတည်းကို ဖန်တီးခဲ့တဲ့ ပိသုကာ လို့ အသိအမှတ်ပြုခံထားရသူ ယာယျာ ဆင်န်ဝါဟာ သူ့ကို အစ္စရေးအကျဉ်းထောင်မှာ နှစ်ပေါင်း ၂၀ ကျော် ထောင်သွင်းအကျဉ်းချခံခဲ့ရလို့ အခဲမကြေ ဖြစ်နေခဲ့သူ လို့ ဆိုပါတယ်။
ယာယျာ ဆင်န်ဝါဟာ ဇူလိုင် ၃၁ ရက်က တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကြီး အကဲဟောင်း အစ္စမိုင် ဟာနီယေးရဲ့နေရာကို ဆက်ခံမယ့် အဖွဲ့ရဲ့ အဓိကခေါင်းဆောင်အဖြစ် သြဂုတ် ၆ ရက်မှာ ခန့်အပ်ခံခဲ့ရတာပါ။
စစ်ပွဲစတင်ကတည်းက အစ္စရေးက သူ့ကိုသတ်ဖို့ ကြိုးပမ်းမှုတွေကို ဖီဆန်ပြီး ဂါဇာကမ်းမြောင်မှာပဲ ရှိနေခဲ့တဲ့ ယာယျာ ဆင်န်ဝါ ရဲ့ သေဆုံးမှုဟာ ဟားမတ်စ်တွေအတွက် အထိနာတဲ့ ကြီးကြီးမားမား ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။
သူ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်အထိ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း ယာယျာ ဆင်န်ဝါနဲ့ တခြားအာဇာနည်ခေါင်းဆောင်တွေရဲ့သွေးနဲ့ သူတို့ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေအပေါ် သစ္စာစောင့်သိဖို့အတွက် ဟားမတ်စ်အဖွဲ့ရဲ့ လှုပ်ရှားမှုနဲ့ တော်လှန်ရေးတွေကိုလည်း သူတို့ရဲ့ လမ်းကြောင်းအတိုင်း ဆက်သွားမှာဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ခါလိလ် အလ်ဟေးယာ က ပြောဆိုသွားပါတယ်။
Source-Reuters