Home
မြန်မာသတင်း
ကွတ်ခိုင်တွင် ရွှေတူးနေချိန် မြေပြိုကျပြီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
October 18, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယရွာအနီးက ရွှေတွင်းတခုမှာ အောက်တိုဘာ ၁၆ ရက်က ရွှေတူးနေချိန် မြေပြိုကျလာလို့ လူ ၃ ယောက် နစ်မြုပ်သွားပြီး တယောက် သေဆုံးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ရွှေလာတူးတဲ့လူ ၃ ယောက် မြေပြို ပိမိသွားတာ။ ၃ ယောက်ထဲက ၂ ယောက်တော့ ရသေးတယ်။ တယာက်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆုံးသွားပြီ။ မိုးအရမ်းရွာရင် အဲလိုတွေ ရွှေလာမတူးသင့်ဘူး” လို့ ပြောပါတယ်။

ရွာနားက နမ့်မွေချောင်းအနီးရှိ ရွှေတွင်းမှာ မြေသယ်ထုတ်နေချိန် ဖြစ်ပွားတာဖြစ်ပြီး အမျိုးသမီးတယောက်နဲ့ လူငယ် အမျိုးသားတယောက်ကို မြန်မြန်ကယ်ထုတ်နိုင်တာကြောင့် အသက်ဘေးကင်းပေမဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကိုတော့ မြေကြီးတွေ ဖယ်ထုတ်တာ ကြန့်ကြာသွားလို့ ဆုံးသွားတာလို့ ဒေသခံက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “ဒေသခံတွေကို လက်နဲ့ တပိုင်တနိုင် ရွှေတူးခွင့် ပေးထားတာ။ ရွှေလာတူးနေချိန် မိုးရွာလာလို့ မြေကပြိုလာပြီး ပိမိသွားတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသူ ၂ ယောက် မိုင်းယရွာက ဆေးခန်းမှာပဲ ဆေးကုသမှု ခံယူနေပါတယ်။

အဲဒီနေရာမှာတော့ အခုနှစ် နွေရာသီကတည်းက စတင်ပြီး ရွှေကျင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်တွေမှာလည်း မြေပြိုကျတာတွေရှိပေမဲ့ လူပိမိသေဆုံးတာတော့ မရှိပါဘူး။

လုပ်ငန်းရှင်ကြီးတွေ စက်နဲ့တူးနေတဲ့ နေရာ ၃ နေရာလောက် ရှိပေမဲ့ မိုးတွင်းမှာတော့ စက်နဲ့တူးတာကို ရပ်ထားကြပါတယ်။

မိုင်းယဘက်က ရွှေတွင်းတွေမှာတော့ MNDAA တပ်ဖွဲ့ ‌‌နဲ့ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ တွေ ၂ ဖွဲ့ စလုံး စောင့်ကြပ်နေတာကို တွေ့ရပြီး ၂၀၂၃ ရဲ့ ရှေ့ပိုင်းမှာဝောာ့ ရွှေတူးတာတွေ မရှိဘူးလို့ ဒေသခံက ပြောပါတယ်။

“အရင်တုန်းကတော့ KIA တပ်ဖွဲ့တွေ အဓိက လှုပ်ရှားသွားလာတဲ့ နေရာဖြစ်ပြီး KIA ဘက်က သယံဇာတတူးဖော်တာကို တားမြစ်တားတာ။ ၁၀၂၇ ပထမပိုင်းပြီးသွားတော့ MNDAA တွေ ရောက်လာ‌တော့ ကုမ္ပဏီလုပ်ငန်းရှင်တွေ ခေါ်လာပြီး စက်ကြီးတွေနဲ့ တူးလာတာပါ။ မုံးကိုး မြို့နယ်၊ ဝိန်းဆိုင် ဒေသဘက်မှာလည်း MNDAA တပ်ဖွဲ့က ကုမ္ပဏီတွေ ခေါ်လာပြီး စက်ကြီးတွေနဲ့ ရွှေတူးနေတာ ရှိပါတယ်။ ဝိန်းဆိုင်ဘက်မှာတော့ ဒေသခံတွေက လက်မခံပဲ ရွှေတူးတာ ရပ်ဆိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုတာတွ ရှိပေမဲ့ ရပ်ဆိုင်းပေးတာမျိုး မရှိပါဘူး။ ဝိန်းဆိုင် ဒေသ ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဝိန်းလာတောင် ကျော်ရင် မိုင်းယဒေသရောက်ပါတယ်။ ဝိန်းဆိုင်ဒေသက မုံးကိုးမြို့နယ်မှာ ပါပြီး မိုင်းယဒေသကတော့ ကွတ်ခိုင်မြို့နယ်မှာ ပါပါတယ်။ မိုင်းယက ဒီမြို့နယ် နှစ်ခု ထိစပ်နေတဲ့ နေရာပါ။”

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က မိုင်းယဒေသရှိ စစ်ကောင်စီတပ်ရဲ့ ဝိန်းလာတောင် ခမရ - ၅၆၇ တပ်စခန်းကို KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နဲ့ ပူးပါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ကာ မိုင်းယ တိုက်နယ်ကို KIA နဲ့ ပူးပါင်းတပ်ဖွဲ့ တွေက ထိန်းချုပ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024