ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပြည်-အောင်လံ ကားလမ်းပေါ်မှာ PDF တပ်ဖွဲ့၀င် ၆ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာ၀န်ခံက “အောင်လံနဲ့ပြည်ကြားမှာ ခရီးသွား ရင်း အဖမ်းခံလိုက်ရတာပါ။ ကျနော်တို့အဖွဲ့ထဲက မဟုတ်တော့ သူတို့ရဲ့ အချက်အလက်ကို ပြောပိုင်ခွင့် မရှိဘူး။ သူတို့ရဲ့ သက်ဆိုင်တဲ့အဖွဲ့တွေကတော့ ကြေညာချက်ထုတ်လိမ့်မယ် ထင်တယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ၆ ယောက်ဟာ ပြည်မင်းသားခရီးသည်တင်လိုင်းကားပေါ်ကနေ အောက်တိုဘာ ၁၁ ရက်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ပြည်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့တာ၀န်ခံတယောက်က “လက်နက်တွေက သူတို့နဲ့အတူ ပါသွားတာ မဟုတ်ဘူး။ အဖမ်းခံရပြီးမှ လက်နက်တွေ ထားတဲ့ နေရာကို လိုက်ပြခိုင်းလို့ လက်နက်တွေပါ အသိမ်းခံလိုက်ရတာ။ အရေအတွက်တော့ မသိရသေးဘူး”လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တပ်တယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF တပ်ဖွဲ့၀င် ၆ ယောက်ကို သေနတ် ၁၁ လက်၊ ကျည် ၃၀၀ ကျော်၊ ကျည်အိမ် ၁၄ ခုနဲ့ လက်လုပ်မိုင်း ၇ လုံးတို့နဲ့အတူ ဖမ်းဆီးရမိတယ် ဖော်ပြပါတယ်။