Home
နိုင်ငံတကာ
ထိုင်း သရုပ်ဆောင်များနှင့်ပတ်သက်နေသည့် အွန်လိုင်းစီးပွားရေးလုပ်ငန်း၌  နစ်နာသူ ၈၀၀ ခန့်ရှိပြီး ဘတ်ငွေ  ၂၆၆ သန်းဆုံးရှုံး 
DVB
·
October 14, 2024

ထိုင်းနိုင်ငံက နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ပတ်သက်နေတယ်လို့ နာမည်ထွက်နေတဲ့ The ICON Group အွန်လိုင်းစီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှာ အလိမ်ခံရလို့ နစ်နာဆုံးရှုံးကြောင်း လာရောက်တိုင်ကြားထားသူ ၈၀၀ ခန့်ရှိသွားပြီဖြစ်ပြီး ဆုံးရှုံးငွေ ဘတ်ငွေ  ၂၆၆ သန်းရှိတယ်လို့  ထိုင်းမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က  ပြောပါတယ်။ 

The ICON Group နဲ့ ရင်းနှီးမြှုပ်နှံပြီး နစ်နာဆုံးရှုံးသူတွေအနေနဲ့ ဘန်ကောက် ဗဟိုမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ထံ လာရောက်တိုင်တန်းနိုင်ကြောင်း ကြေညာထားရာမှာ အောက်တိုဘာ ၁၀ ရက်မှ ၁၃ ရက်ထိ (၄ ရက်အတွင်) လာရောက်တိုင်ကြားထားသူ ၇၄၀ ကျော်ရှိပြီး  တိုင်တန်းဖို့ စောင့်ဆိုင်းသူတွေ အပါအဝင် ၈၀၀ ဦးထိရှိနိုင်တယ်၊  နစ်နာဆုံးရှုံးသွားတဲ့ငွေ ဘတ်သန်း ပေါင်း ၂၆၆ သန်းရှိတယ်လို့ ဗဟိုမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူး ဆိုဖုန်း ဆန်ဖတ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့မှ ဝန်ထမ်းပေါင်းအယောက် ၇၀ က နေ့စဉ် မနက် ၉ နာရီမှ ည ၁၀ နာရီထိ အမှုကို လက်ခံပေးနေတယ်၊  တနိုင်ငံလုံးက နစ်နာသူတွေဟာ ဘန်ကောက်ဗဟိုရုံးထိ လာရောက် တိုင်ကြားဖို့ မလိုဘဲ မိမိနဲ့ အနီးဆုံးရဲစခန်းတွေမှာ သွားရောက်တိုင်တန်းအမှုဖွင့်နိုင်သလို  ရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၉၉ ဒါမှမဟုတ် ရဲတပ်ဖွဲ့ဝက်ဘ်ဆိုက်ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ 

လာရောက်တိုင်ကြားသူတွေမှာ နိုင်ငံသားမှတ်ပုံတင်ကတ်၊ ငွေလွှဲဘဏ်စာရင်း၊ မိမိအား ရင်းနှီးမြှုပ်နှံအောင်စည်းရုံးသူ၊ ဆုံးရှုံးမှုငွေပမာဏ၊ ငွေလွှဲကြောင်းအထောက်အထား၊ စည်းရုံးသူနဲ့ ပြောဆိုခဲ့တဲ့ အသံဖိုင် စတဲ့အထောက်အထေားတွေ လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဒီအမှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီပိုင်ရှင် ဖော်လ် ဝရတ်ထဖွန်း၊ ဆဲမ်း ယုလနန်၊ မင်းမ် ဖစ်ချယား၊ ဂန်း ကန်ဒထာဝွန်း၊ ပီတာနဲ့  ဆရာဝန်အေတ်တို့ ၆ ဦးကို သံသယရှိသူ ဒါမှမဟုတ် စွပ်စွဲခံရသူအဖြစ် သတ်မှတ်ထားတယ်။ သက်သေအထောက်အထားတွေ ပြည့်စုံအောင် စုဆောင်းစစ်ဆေးနေဆဲဖို့  အမှုဖွင့်လို့မရသေးကြောင်း၊ သူတို့အနေနဲ့ ပြည်ပကို ထွက်ပြေးတိမ်း‌ရှောင်ခြင်း မပြုနိုင်အောင်တော့ ကြိုတင်ကာကွယ်ပြင်ဆင်ထားတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ 

ဒီဖြစ်ရပ်မှာ တခြားရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်တွေပါ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပေမဲ့ နာမည်တပ်ပြီး တိုင်ကြားလာတာတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။ 

တိုင်ကြားခံရသူ ၆ ဦးကတော့ သူတို့မှာ အပြစ်မရှိကြောင်း အောက်တိုဘာ ၁၃ ရက်က ရဲစခန်းမှာ အသီးသီး လာရောက်သတင်းပို့ရင်း ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီရဲ့ တာဝန်အရှိဆုံးဖြစ်သူ ဖော်လ် ဝရတ်ထဖွန်းကတော့ ဒီလုပ်ငန်းဟာ ဥပဒေနဲ့ ငြိစွန်းလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးကြောင်း၊ သူ့အရင် ဖွင့်ခဲ့တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်၊ ခုလို နစ်နာဆုံးရှုံးမှုတွေရှိသွားတဲ့အတွက် တောင်းပန်တယ်၊ တာဝန်ယူတဲ့အနေနဲ့ ဆုံးရှုံးငွေတွေ ပြန်ပေးလျော်မယ်လို့ ပြောသွားပါတယ်။ 

ဆဲမ်း၊ ဂန်း၊ မင်းမ် စတဲ့ ရုပ်ရှင်သရုပ်ဆောင် ၃ ဦးကလည်း သူတို့အနေနဲ့ ကုမ္ပဏီရဲ့  ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှုအပိုင်းကဏ္ဍမှာ ပါဝင်ခြင်းမရှိဘဲ ကြော်ငြာပေးသူတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါပေမဲ့ ကုမ္ပဏီအဖွဲ့ဝင်သစ် မိတ်ဆက်ကြိုဆိုပွဲတွေမှာတော့ သူတို့ဟာ ကုမ္ပဏီရဲ့ ဘော့စ်တွေ ဖြစ်ကြောင်း ပြောခဲ့တဲ့သက်သေတွေရှိလို့  လူမှုကွန်ရက်မှာ ဝေဖန်ခံနေရပါတယ်။ 

The ICON Group ဟာ အွန်လိုင်းကနေ ဈေးရောင်းတဲ့အလုပ်ကို သင်ကြားပြသပေးပြီး ရှယ်ယာတွေ ခေါ်ယူခဲ့တယ်။ ရှယ်ယာ ၁ စုလျှင် အနည်းဆုံး ဘတ် ၂၅၀၀၊ ၂၅၀၀၀၊ ၂၅၀၀၀၀ စသဖြင့် အဆင့်ဆင့်ရှိပြီး  ကုမ္ပဏီက ပစ္စည်းတွေကို  အွန်လိုင်းမှာ ကြော်ငြာရောင်းချပေးရတယ်၊ အမြတ်ငွေ လစဉ်ခံစားခွင့်ရှိတယ်ဆိုပေမဲ့ ပစ္စည်းတွေဟာ အရည်အသွေးမရှိတဲ့အပြင် ပြင်ပထက် ပိုဈေးကြီးတာကြောင့် ရောင်းမရဘူး၊ ရင်းနှီးထားတဲ့ငွေတော့ ပြန်ထုတ်ယူခွင့်မရှိကြောင်း၊  အဆိုပါကုမ္ပဏီဟာ ပစ္စည်းရောင်းရဖို့ထက် အဖွဲ့ဝင်များများ အရင်းအနှီးများများရဖို့သာ ဦးစားပေး လုပ်ဆောင်တာကြောင့် လိမ်လည်ခြင်းသာဖြစ်တယ်လို့ နစ်နာသူတွေက ပြောဆိုကြပါတယ်။ သက်ဆိုင်ရာက ကုမ္ပဏီနဲ့ လုပ်ငန်းခွဲတွေ သွားစစ်ဆေးရာမှာ တနှစ်ကို အမြတ်ငွေ ဘတ်သန်းပေါင်း  ၅၀၀၀ ကျော် ရတယ်ဆိုပေမဲ့ ဂိုဒေါင်ထဲက ပစ္စည်းအနည်းငယ်၊ ထုပ်ပိုး ဝန်ထမ်း အနည်းငယ်သာ တွေ့ရှိတာမို့ ငွေကြေးခဝါချလုပ်ငန်းတွေနဲ့ပါ ပတ်သက်ခြင်း ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013