စစ်ကြောရေးမှာ ဖမ်းဆီးစစ်ကြောခံနေရတဲ့ ရန်ကုန်မြို့ပြက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၄ ယောက်ကို အောက်တိုဘာ ပထမအပတ်မှာ ရန်ကင်းတရားရုံးကနေ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်တရားစွဲဆိုပြီး အောက်တိုဘာ ဒုတိယပတ်ထဲမှာပဲ အင်းစိန်းအကျဉ်းထောင်ကို ပို့ဆောင်လိုက် ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု-AJAY က ကိုနန်းလင်းက “ကိုဖိုးသားတို့ ၄ ယောက်ကိုတော့ လောလောဆယ် ပုဒ်မ ၅၀၅ တွေ တပ်ထားတယ်။ တပ်ထားပြီးတော့ အောက်တိုဘာလ ပထမပတ်ထဲမှာ ရန်ကင်းတရားရုံးမှာ ရုံးထုတ်တယ်။ အောက်တိုဘာ ၈ ရက် ၉ ရက်လောက်မှာ အင်းစိန်ပို့တယ်လို့ ကျနော်တို့ ရှေ့သတင်းဝင်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၉ ရက်ညမှာ ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးခံခဲ့ရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ဦးဆောင်လှုပ်ရှားသူ ကိုပိုင်ဖြိုးမင်းနဲ့ ကျောင်းသားဟောင်း ကိုရှိန်းဝေအောင်တို့ ၂ ယောက်ကတော့ စစ်ကြောရေးမှာ စစ်ဆေးခံနေရတယ်လို့ ဆက်ပြောပါတယ်။
စက်တင်ဘာလ ၁၉ ရက်မှာ စစ်ကောင်စီ ဖမ်းဆီးခံရတဲ့ ကိုဇော်လင်းထွဋ်(ခ)ဖိုးသား၊ ကိုအောင်မင်းခိုင်(ခ)မဲကြီး၊ မမြမဉ္ဇူနဲ့ မနှင်းအိခိုင်တို့က ရန်ကုန်မြို့ပြက တော်လှန်ရေးသပိတ်ရဲဘော်တွေဖြစ်ပြီး “ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိ” ဆန္ဒပြပွဲကအပြန် လမ်းခုလတ်မှာပဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့အချိန်ကစလို့ အောက်တိုဘာ ၁၁ ရက်အထိ စာရင်းတွေအရ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၄၄ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ သိရပါတယ်။